MOD အောက်မှ နှုတ်ထွက်ခဲ့သော တပ်ရင်းမှူးကိုစစ်နိုင်ကို MOD ဖမ်းဆီး

RNA_မေ(၂)၊၂၀၂၅ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်တွင် တာဝန်ထမ်းဆောင်လိုခြင်း ဆန္ဒမရှိတော့သည့်အတွက် နှုတ်ထွက်ခဲ့သော ကျောက်ဆည်ခရိုင်အမှတ်-၂ တပ်ရင်းမှ တပ်ရင်းမှူး ကိုစစ်နိုင်ကို MOD ကဖမ်းဆီးစစ်ဆေးနေသည်ဟု သိရသည်။

ကျောက်ဆည်ခရိုင်အမှတ်-၂တပ်ရင်းမှ တပ်ရင်းမှူး ကိုစစ်နိုင်ကို MOD စစ်ရုံးချုပ်မှဟုဆိုကာ ဧပြီလ ၂၄ ရက်နေ့ ည (၁၀) နာရီခန့်က ထိန်းသိမ်းခေါ်ဆောင်သွားကြောင်း၊ MODစစ်ရုံးချုပ်အနေဖြင့် ယခုကဲ့သို့ တပ်ရင်းမှူး တစ်ဦးအား မည်သည့်ဖမ်းဝရမ်းမှ မပါသည့်အပြင် ပြစ်မှုထင်ရှားခြင်းမရှိပဲ ထိန်းသိမ်းခေါ်ဆောင်ထားခြင်းသည် အာဏာရှင်ဆန်သော လုပ်ရပ်မျိုးဖြစ်ကို သတိချပ်စေလိုကြောင်း ကျောက်ဆည်ခရိုင် တပ်ရင်းအမှတ် (၂) ရဲဘော်များက မေလ ၁ ရက်နေ့က သတင်းထုတ်ပြန်ထားသည်။


“အခု ဖမ်းခံရတာက MOD အောက်က နှုတ်ထွက်လို့ကြားတယ်။ အဆင်မပြေမှုတွေရှိလို့ ထွက်တာလို့လည်း ကြားပါတယ်။ အခုခေါ်ပြီး ညှိနေတာဖြစ်မှာပါ။ အဆင်မပြေရင်တော့ တပ်ပြိုကွဲမှု အမိန်းမနာခံမှု လက်နက်ကုန်သွယ်မှုဒါတွေနဲ့ တရားစွဲမယ် ဖမ်းမယ်ထင်တယ်။ မိုးကုတ်ဘက်မှာ ဖမ်းထားတယ်လို့လည်း ကြားတယ်” ဟု ကိုစစ်နိုင်ဖမ်းဆီးခံထားရမှုအကြောင်း သိရှိသူ တစ်ဦးက Red News Agency ကို ပြောပြသည်။

ကျောက်ဆည်ခရိုင်အတွင်း တပ်ရင်းအမှတ် (၂) အပါအဝင် တပ်ရင်း (၃) ရင်းရှိသည့်အထဲတွင် တပ်ရင်းမှူး ကိုစစ်နိုင်ဦးဆောင်သော တပ်ရင်း (၂)မှာ လူအင်အားများသည့်အပြင် ရှမ်း-မန်း စစ်ဆင်ရေးတွင်လည်း တိုက်ပွဲဝင်ခဲ့ပြီး ကျောက်ဆည်ခရိုင်အတွင်းမှ အခြားသော တပ်ရင်းတပ်ဖွဲ့များနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်နေကြောင်း၊ MOD လက်အောက်ခံ တပ်ရင်းအဖြစ် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် စတင်ဝင်ရောက်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဧပြီလ ၂၁ ရက်နေ့က နှုတ်ထွက်ပြီးနောက် (၃) ရက်အကြာ ၂၀၂၅ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor