တမာကန်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်လွင် (၃) ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံး

RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ တမာကန်ကျေးရွာမှာ စစ်ကောင်စီလက်အောက်ခံတွင် တာဝန်ထမ်းဆောင်နေသော အုပ်ချုပ်ရေးမှူး မောင်လွင်သည် ၃ ကြိမ်မြောက် လုပ်ကြံခံရပြီး သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။

တမာကန်ကျေးရွာအုပ်ချုပ်ရေးမှူးသည် ယခင်က (၂) ကြိမ်လုပ်ကြံခံခဲ့ရကြောင်း၊ သေနတ်ပစ်ခံထားရသည့်အတွက် ဝမ်းအတွင်း (ဗိုက်) မှ ကျည်ဆံမထုတ်ရသေးခင် ဒီဇင်ဘာ ၂၂ ရက်နေ့က ထပ်မံလုပ်ကြံခံရသည့်အတွက် ဇနီးနှင့်သားတို့ပါ အတူတကွ သေဆုံးသွားပြီဖြစ်ကြောင်း၊ ဝမ်းတွင်းမြို့နယ်အခြေစိုက် Wundwin Township Revolution Force (WTRF) ရဲဘော်များက ရှင်းလင်းသွားသည်ဟု ဒေသခံများထံမှ သိရသည်။

“အရင် ဆိုင်ကယ်နဲ့သွားတုံးက သေနတ်နဲ့ပစ်တာ ဗိုက်ပေါက်သွားတယ်။ မသေဘူး ကျည်‌ဆံတောင် ဗိုက်ထဲက မထုတ်ရသေးဘူး နောက်တစ်ခါ ထပ်ပြီးလုပ်တယ်မသေဘူး၊ အခုတစ်ခါ အောင်မြင်တာပါ” ဟု ဒေသခံထံမှ သိရသည်။

တမာကန်ကျေးရွာအုပ်ချုပ်ရေးမှူးသည် စစ်မှုထမ်းအကြောင်းပြပြီီး ကျေးရွာအတွင်းမှ တဦးလျှင် ကျပ် (၃၀) သိန်းတောင်းနေသည့်အပြင် တမာကန်အုပ်စုအတွင်းကျေးရွာများမှလည်း တစ်လလျှင် တစ်အိမ်ထောင်လျှင် ကျပ် (၁) သောင်းပေးကြရကြောင်း၊ တမာကန်ကျေးရွာအုပ်စုအတွင်းရှိ အလယ်ကန်ကြွယ်ကန်ကျေးရွာ၊ ကျောက်အိုးကျေးရွာ၊ တောင်ဆည်ရွာတို့မှ ဒေသခံပြည်သူများကလည်း အုပ်ချုပ်ရေးမှူးမောင်လွင်တောင်းသမျှ ငွေပေးနေရသည်ဟု သိရသည်။

“အတော်ဆိုးတဲ့ မိသားစု အုပ်ချုပ်ရေးမှူးကလဲဆိုး မိန်းမကလဲဆိုး သားကလဲဆိုး ဒါကြောင့်အသက်ခံရတာနေမယ်။ ကားတွေဆိုလည်းမျိုးစုံ မိန်းမမှာ လက်ကောက်ဆိုရင်လဲ တံထောက်ဆစ်လောက်ထိ ဝတ်ထားတာ အတော်ရိုင်းလို့ အသက်ခံရတာဖြစ်မယ်။ တစ်လကို အိမ်ထောင်စု တစ်စုက ငွေတစ်သောင်းကျပ်ပေးနေရတာ သူပြောတာကတော့ အထက်ကို ပေးရတာလို့တော့ပြောတာပဲ မှတ်ပုံတင်လုပ်တာဖြစ်ဖြစ် လုပ်မှတ်ထိုးတာပဲဖြစ်ဖြစ် တစ်ဦးကို တစ်သိန်းအထက်တောင်းတာ ညက တိုက်ပွဲဖြစ်နေတယ် ထင်နေတာ မသေအုံးဟ မသေအုံးဟ ဆိုပြီးပစ်သွားတာ” ဟု ဒေသခံတဦးက ပြောကြားထားသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ ပြည်သူဘက်မကြည့်ပဲ စစ်ကောင်စီဘက်ကြည့်နေသော အုပ်ချုပ်ရေးမှူးများနှင့် ဒလန်များကို တော်တော်များများရှင်းလင်းခံထားရကြောင်း၊ ယနေ့ နံနက်ပိုင်းတွင်လည်း ဒိုင်ကောင်းကုန်း စာသင်ကျောင်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ၄၀မမ နှစ်လုံးဖြင့် ပစ်ခတ်သွားသည့်အတွက် အစစ်အဆေးများနေကြောင်း ဒေသခံများထံမှ သိရသည်။

#RedNewsAgency #REDNEWS #RNA

By RNA Editor