RNA_ဒီဇင်ဘာ(၂၃)၊၂၀၂၄ခုနှစ်။
ချင်းပြည်နယ်၊ မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင် အာရက္ခတပ်တော်(AA) မှ စစ်လက်နက်၊ ခဲယမ်း၊ စစ်ကူများအပြင် စစ်ရေးဆိုင်ရာအကြံညာဏ်များနှင့် လိုအပ်သော အကူအညီများကို ပံ့ပိုးပေးခဲ့ကြောင်း သိရသည်။
မင်းတပ်မြို့သိမ်းစစ်ဆင်ရေးကို ချင်းညီနောင်နှင့်မဟာမိတ်များ ပူးပေါင်းပြီး နိုဝင်ဘာ ၉ ရက်နေ့မှ စတင်ဖော်ဆောင်ခဲ့ပြီး ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နောက်ဆုံးလက်ကျန် စစ်ကောင်စီ၏ မင်းတပ်အခြေစိုက် အမှတ် ၂၇၄ ခြေလျင်တပ်အရင်းအား အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည့်အတွက် ချင်းညီနောင်စစ်ဆင်ရေး အဖြစ် မင်းတပ်မြို့ကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
ချင်းညီနောင်များနှင့်အတူ မင်းတပ်မြို့သိမ်းတိုက်ပွဲတွင် AA ၏အကူအညီများနှင့်အတူ Yaw Defense Force (YDF)၊ Yaw Army (YA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မုံရွာခရိုင်တပ်ရင်း (၃) တို့မှ ဟန်ချက်ညီညီ တိုက်ခိုက်ခဲ့ကြကြောင်း၊ မင်းတပ်မြို့တွင် စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခုဖြစ်ခဲ့ပြီဟု ချင်းညီနောင်စစ်ဆင်ရေးက ဒီဇင်ဘာ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ်ဖော်ဆောင်ခဲ့သည့် မင်းတပ်မြို့သိမ်း စစ်ဆင်ရေးအတွင်း အသက်ပေးသွားကြသည့် အာဇာနည်သူရဲကောင်းများ၊ ကိုယ်လက်အင်္ဂါ ပေးဆပ်ခဲ့ကြသည့် ရဲဘော်များနှင့် အောင်ပွဲရသည်အထိ စွမ်းစွမ်းတမံ ချီတက်တိုက်ပွဲဝင် ခဲ့ကြသော တပ်မှူးများ၊ တပ်သားများ၏ အမိန့်နာခံမှု၊ တိုက်ရည်ခိုက်ရည်၊ ရဲစွမ်းသတ္တိ၊ ဇွဲလုံ့လရှိမှုတို့ကို လှိုက်လှဲစွာ လေးစား ဂုဏ်ပြုကြောင်းနှင့် ချင်းညီနောင်အနေဖြင့် ချင်းပြည်ရှိ မြို့နယ်များတွင် ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်ကောင်စီတပ်စခန်းများအား သိမ်းပိုက်နိုင်ရေးအတွက် မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
#RedNewsAgency #RNA #REDNEWS