RNA_ဒီဇင်ဘာ(၁၈)၊၂၀၂၄ခုနှစ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်တွင် မှတ်ပုံတင်ပြုလုပ်ရာတွင် စစ်ကောင်စီလက်အောက်ခံ လဝက ဝန်ထမ်းများက ငွေပိုတောင်းမှုများရှိကြောင်း အကျိုးဆောင် (ပွဲစား) နှင့် ဒေသခံများထံမှ သိရသည်။
“ရုံးမှာရှိတဲ့ စစ်ကောင်စီဘက်က ၁၀၀၀၀ တိုးတောင်းနေတာ ကျနော်တို့က တိုးတောင်းရင် မကောင်းတော့ဘူးလေ လုပ်တဲ့လူတွေဘက်လဲပြန်ကြည့်ရမယ်လေ ကျနော်တို့ကစာရွက်စာတမ်းကြေးနဲ့ ဘာမှမကျန်ပါဘူး” ဟု မှတ်ပုံတင်လိုက်လံလုပ်ဆောင်ပေးသည့် အကျိုးဆောင် တစ်ဦးက ပြောသည်။
ဝမ်းတွင်းမြို့နယ်အတွင်း မှတ်ပုံတင်ပြုလုပ်ရာတွင် ကိုယ်တိုင်ပြုလုပ်မှုထွက် ပွဲစားများဖြင့် လုပ်ဆောင်ကြကြောင်း၊ ယခုရက်ပိုင်း ပွဲစားများမှ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ ငွေပိုတောင်းမှုကြောင့် တစ်သောင်းကျပ်အထိ တိုးတောင်းနေသည်ဟု ဒေသခံများက ပြောကြားထားသည်။
မှတ်ပုံတင် အသစ်လျှောက်ထားသူများအပြင် အပျောက်ပြန်လျှောက်သူများထံမှလည်း ငွေပိုတောင်းနေကြောင်း၊ ပွဲစားနှင့်လုပ်ပါက ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ မလိုတော့ကြောင်း၊ အိမ်ထောင်စုစာရင်း မိတ္တူပေးပါက မှတ်ပုံတင်နှင့် စမတ်ကဒ်ပါတွဲရသည့်အတွက် ပွဲစားနှင့်လုပ်နေကြခြင်းဖြစ်သည်ဟု သိရသည်။
“သူတို့တွေ ဒါက ရံပုံငွေသဘောမျိုးနဲ့ ရပ်ကွက်တွေအလိုက် မလုပ်မနေရ အိမ်တိုင်းလူအကုန် လုပ်ခိုင်းတာပါ စိတ်အထင်ပြောရရင်ပေါ့ တောထဲက လူတွေနဲ့ မြို့ပေါ်ကလူတွေ ကွဲသွားအောင် လုပ်တဲ့သဘောမျိုးလားမသိဘူး။ သူတို့ခေတ်ဆိုတော့ မဖြစ်မနေသွားလုပ်ရတာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဝမ်းတွင်းမြို့နယ် မှတ်ပုံတင်ရုံးတွင် တစ်နေ့ လူဦီီးရေ ၃၀ နှင့်အထိရှိပြီး ရပ်ကွက်အလိုက် စမတ်ကဒ်များလည်း မဖြစ်မနေ လုပ်နေကြရကြောင်း၊ စမတ်ကဒ်လုပ်ပေးရာတွင်လည်း တစ်ဦးလျှင် လေးထောင်နှုန်း တောင်းခံနေကြောင်း သိရသည်။
#RedNewsAgency #REDNEWS #RNA #AhNyar