ပြည်သူ့ဒီမိုကရက်တစ်တပ်တော်နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦးတို့ ပူးပေါင်းစစ်ကြောင်း တိုက်ပွဲဝင်နေ

RNA_အောက်တိုဘာ(၇)၊၂၀၂၄ ခုနှစ်။

ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့ ပူးပေါင်းထားသည့် အမှတ် (၈) စစ်ကြောင်း အနေဖြင့် အညာဒေသတွင် တိုက်ပွဲဝင်နေပြီး အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို တတ်စွမ်းသမျှအမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း ယနေ့ အသိပေးထုတ်ပြန်ထားသည်။

“တော်လှန်ရေးတပ်တွေအဖို့ ညီညွတ်ရေးတပ်ပေါင်းစုကို မျှော်ရည်ထားတဲ့ ကျနော်တို့အမှတ်(၈)စစ်ကြောင်းဟာ ဒုတိယသက်တမ်း ဒုတိယ ခြေလှမ်းကိုလည်း ဆက်လက်လျှောက်လှမ်းနေပြီး အဖိနှိပ်ခံလူထုလွတ်မြောက်ရေးအတွက် စစ်သုံးစစ်ကို တတ်စွမ်းသမျှ အမြစ်ပြတ်ချေမှုန်းနိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း အသိပေးအပ်တင်ပြလိုက်ရပါသည်” ဟု အမှတ် ၈ စစ်ကြောင်းက ထုတ်ပြန်ထားသည်။

 

၂၀၂၃ ခုနှစ် နှစ်လည်ပိုင်းမှ စတင်ပြီး ပြည်သူ့ဒီမိုကရက်တစ်အဖွဲ့/ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/PDA) နှင့် ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF) တို့အကြား စစ်ရေး နိုင်ငံရေးဆွေးနွေးမှုများကို ၆လ ကြာသည်အထိ ညှိနှိုင်းတိုင်ပင် ဆွေးနွေးခဲ့ကြကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့တွင် လက်နက်ကိုင်တပ်အင်အားတချို့ကို စုစည်းထားသော အမှတ် (၈) စစ်ကြောင်း ဖွဲ့စည်းရေးဆိုင်ရာ သဘောတူညီချက်ကို နှစ်ဖက်အဖွဲ့အစည်းများ၏ တာဝန်ရှိသူများမှ လက်မှတ်ရေးထိုး သဘောတူညီခဲ့ပြီးနောက် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

#RedNewsAgency #RNA

By Editor