စစ်တပ်အတွင်း ခံစစ်အမျိုးမျိုးပြုလုပ်ထားကြရန်၊ ၎င်းတို့တပ်သားများသာမက မှီခိုသူများပါ လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များအားလိုက်နာပြီး ဇာတ်တိုက်လေ့ကျင့်ကြရန် အမိန့်ပေးထားသည်”
ငတွန်
“လှေခွက်ချည်းကျန် အလံမလှဲ” အားလုံးနှင့် ရင်းနှီးသည့် ဗမာစကားပုံ တစ်ခုဖြစ်ပါလိမ့်မည်။ ထိုစကားပုံကိုကြားသည်နှင့် အနက်အဓိပ္ပါယ်ကိုလည်း တန်းသိကြပါလိမ့်မည်။ မိမိတို့ဘက်မှရှုံးနိမ့်နေပြီး လှေပေါ်၌ တိုက်ခိုက်နိုင်သည့် စစ်သည်များမကျန်တော့သော်ငြား အလံကိုမလှဲဘဲ အဆုံးထိတိုက်ပွဲဝင်ကြဆိုသည့် အဓိပ္ပါယ်မျိုးဖြစ်သည်။ ဇွဲရှိကြရန်တိုက်တွန်းထားခြင်းဖြစ်သည်။
သို့သော် အခြားအနက်အဓိပ္ပါတစ်ခုရှိပါသေးသည်။ စာပေချစ်မြတ်နိုးသူတစ်ယောက် စုစည်းထားသည့် စာစုတစ်ခု၌ မောင်မြေနီ (တမာတော) ၏ ဆောင်းပါးကို ကိုးကား၍ “လှေခွက်ချည်းကျန် အလံမလှဲ” ၏ အနက်တစ်မျိုးကို ဖော်ပြဖူးသည်။ ထိုဆောင်းပါး၌ ဦးသုခနှင့် ပခုက္ကူဦးအုန်းဖေတို့ တွေ့ဆုံချိန် ဦးအုန်းဖေက ထိုစကားပုံ၏ အနက်ကို ဦးသုခအား မေးမြန်းခဲ့သည်ဟု ဆိုသည်။

ဦးသုခက အများနားလည်ထားသည့်အတိုင်းပင် မဆုတ်နစ်သည့် ဇွဲကိုဖော်ညွှန်းကြောင်း ယူဆသည်ဟု ပြန်လည်ဖြေကြားခဲ့သည်။ သို့သော် ပခုက္ကူဦးအုန်းဖေက ထိုစကားပုံသည် ပခုက္ကူဒေသမှစတင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အကျယ်ရှင်းရလျှင် ရှေးအခါက အညာကုန်လှေများနှင့် အောက်ပြည်မှကုန်လှေများ ပခုက္ကူဒေသ၌ ဆုံကြသည်။ ကုန်များကို ကုန်းပေါ်သို့မတင်ဘဲ လှေပေါ်၌ပင် အရောင်းအဝယ်လုပ်ကြသည်။ ရောင်းလှေနှင့် ဝယ်လှေများကွဲပြားအောင် ကုန်ရောင်းသည့်လှေများက အလံထောင်ထားရသည်။ ကုန်စည်များ ရောင်း၍ကုန်လျှင် အလံကိုလှဲထားရသည်။












