ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဟု ဗဟိုဘဏ် ကြေညာ

နေပြည်တော် ၊ ဧပြီ ၂၇ ရက်။

ဘဏ်စာရင်းအသစ်ဖွင့်မည်ဆိုလျှင် ငွေအကန့်အသတ်မရှိ ထုတ်ခွင့်ပြုမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ယင်းထုတ်ပြန်ချက် အပြည့်အစုံမှာ -၁။ ယခုအချိန် နိုင်ငံအတွင်း ဒေသအချို့တွင် ဆူပူအကြမ်းဖက်မှု အနည်းငယ်ဖြစ်ပေါ် နေမှုများကြောင့် ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားလုံခြုံမှုအတွက် စိုးရိမ်ပူပန်စိတ်များ ဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရပါသည်။

၂။ ပြည်သူများအနေဖြင့် လက်ဝယ်ရှိ ငွေသားများကို လုံခြုံမှုအတွက် ဘဏ်များတွင် အပ်နှံလိုပါက အထူးကိစ္စရပ်အနေဖြင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မှစပြီး ဘဏ်များတွင် ဘဏ်စာရင်းအသစ်များ ဖွင့်လှစ်၍ ငွေသားအပ်နှံ ထည့်သွင်းခွင့်ပြုမည်ဖြစ်ပြီး၊ ထိုစာရင်း အသစ်မှ ငွေသားပြန်လည်ထုတ်ယူလိုပါက အပ်နှံငွေသားပမာဏအတွင်း ကန့်သတ်ချက်မရှိဘဲ ထုတ်ယူခွင့်ပြုမည် ဖြစ်ပါသည်။

၃။ ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်နေ့မတိုင်မီ ဘဏ်များတွင် စာရင်းဖွင့်လှစ်ထားသူများ အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ မူလငွေထုတ်ကန့်သတ်ချက်များအတိုင်း ငွေသားများ ဆက်လက်ထုတ်ယူခွင့်ပြုမည်ဖြစ်ပြီး၊ အဆိုပါ ငွေထုတ်ကန့်သတ်ချက်များကိုလည်း ဖြေလျှော့ပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

Red News Agency

By RNA Editor