ထန်တလန်မှာ နေအိမ် ၃၀၀ ခန့် နှင့် ဘာသာရေး အဆောက်အအုံများ မီးလောင်မှုအတွက် တရားစီရင်နိုင်ရေး လုပ်ဆောင်သွားမည်ဟု NUG ပြည်ထဲရေးဌာန ထုတ်ပြန်

RNA- အောက်တိုဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။

ချင်းပြည်နယ်၊ ထန်တလန်မြို့၌ အာဏာသိမ်း အကြမ်း ဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ်များ၏ လုပ်ရပ်ကြောင့် အောက်တိုဘာလ ၂၉ ရက်နေ့က လူနေအိမ် ၃၀၀ ခန့်နှင့် ဘာသာရေးအဆောက်အအုံးများ မီးလောင်ပျက်စီးသွားမှုနှင့် ပတ်သက်ပြီး NUG အစိုးရပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနအနေဖြင့် တရားစီရင်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမည်ဟု ယနေ့ ထုတ်ပြန်ထားသည်။

” ဖက်ဆစ်စစ်တပ်၏ အကြမ်းဖက် လုပ်ရပ်များကို အပြည့်အဝ တာဝန်မှုရှိစေရေး၊ တရားဥပ‌ဒေအောက် အရောက်ခေါ်ယူ၍ ပြည်သူ့တရားစီရင်နိုင်ရေးတို့ကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်သည့်အပြင် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့်လည်း ချိတ်တွဲလျက် ဖက်ဆစ်စစ်တပ်အပေါ် အရေးယူနိုင်ရေးကို ကြိုးပမ်းဆောင် ရွက်သွားမည်” ဟု ထုတ်ပြန်ချက်‌တွင် ဖော်ပြထားသည်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီ ဖက်ဆစ်စစ်တပ် တပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီ ၁ ရက်နေ့နောက်ပိုင်းမှစ၍ ချင်းပြည်နယ်ရှိ အရပ်သားပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ ငွေကြေးဥစ္စာပစ္စည်းများ ခိုးယူခြင်း နှင့် ဖျက်ဆီးခြင်း၊ အပြစ်မဲ့ အရပ်သားများကို ဖမ်းဆီးနှိပ်စက်ညှဉ်းပမ်း သတ်ဖြတ်ခြင်းများ၊ အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများကို တရားလက်လွန် အကြမ်းဖက်မှု ကျူးလွန်လုပ်ဆောင်နေကြောင်း သိရသည်။

အကြမ်းဖက် အာဏာသိမ်း စစ်တပ်သည် ချင်းပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စသည်တို့တွင် လေကြောင်း စစ်ဆင်ရေးများ၊ လက်နက်ကြီးများဖြင့် လူနေအိမ်များကို ပစ်ခတ်မှုများ၊ ပြည်သူလူထုကို ပစ်မှတ်ထားတိုက်ခိုက်မှုများ၊ စစ်ဆင်ရေးများတွင် အရပ်သားပြည်သူများအား လူသားဒိုင်းအသုံးပြု နေမှုများ၊ လူမျိုးနွယ်စုများကို ရည်ရွယ် ချက်ရှိရှိ ပျက်သုဉ်းအောင်တိုက်ခိုက်နေမှုများ စသည်တို့ကို ပြုလုပ်နေကြောင်း သိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *