”ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ” ဟံသာဝတီဦးဝင်းတင်

ဒီကနေ့ ဧပြီလ ၂၁ ရက်နေ့သည် ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်ခြင်း ( ၇) နှစ်ပြည့်ဖြစ်သည်။ ဟံသာဝတီဦးဝင်းတင်သည် သတင်းစာဆရာ ဖြစ်သလို နိုင်ငံရေးသမား တစ်ဦး ဖြစ်သည်။ယနေ့အချိန်တွင် မြန်မာနိုင်ငံ၌ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည်ပြီး စစ်အာဏာရှင် စနစ်ကို တော်လှန်နေသည့် အချိန်ကာလဖြစ်သည်။

၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ ( VOL.5/18 ) ထုတ် Venus Venus News Weekly Journal အင်တာဗျူး ကဏ္ဍမှ ဦးဝင်းဇော်နိုင်မေးမြန်းပြီး ဟံသာဝတီ ဦးဝင်းတင် ဖြေကြားထားသည့် ဖက်ဒရယ်ပြည်ထောင်စုနှင့် ပတ်သတ်သည့် သဘောထားအမြင်ကို ကောက်နုတ်ဖော်ပြပါသည်။

Venus  : ဖက်ဒရယ်ပြည်ထောင်စုကိုပြောနေကြတယ်ခင်ဗျ။ အန်ကယ့်အနေနဲ့ရော ဖက်ဒရယ်ပြည်ထောင်စုကိုဘယ်လိုမြင်သလဲ ခင်ဗျ။

UWT  :  ကျွန်တော်တို့တိုင်းရင်းသားတွေနဲ့ ပင်လုံစာချုပ်လုပ်တုန်းကလဲ ဖက်ဒရယ်လို့ မပြောသော်လဲ သဘော ထား ကတော့ဖက်ဒရယ်သဘောထားပဲ၊ ဖက်ဒရယ်သဘောထားဘာလဲဆိုရင် လွတ်လပ်ရေးကိုအတူတွဲတိုက်ကြမယ်၊ နောက်တစ်ခုက လွတ်လပ်ရေးရပြီးရင်တူညီမျှမှုနဲ့  ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတဲ့အခြေခံမူပေါ်မှာဘယ်လိုစည်းကြမလဲဆို တာပဲ တန်းတူညီမျှမှုနဲ့ကိုယ်ပိုင်ပြဌာန်း ခွင့်ပေါင်းစည်းမယ်ဆိုတာကိုသဘောတူလိုက်ပြီဆိုရင် ဖက်ဒရယ် သဘောဆောင်တယ်လို့ ပြောလို့ရတယ်။ ဒါက ၁၉၄၉ ခုနှစ်တုန်းကဖြစ်ခဲ့တဲ့ကိစ္စ၊ဖဆပလလက် ထပ်တောင်ကြီးမှာ ညီလာခံလုပ်တုန်းက ပြည်နယ်ပေါင်းစုံညီလာခံကို ၁၉၆၂ခုနှစ် ဇွန်လထဲမှာလုပ်တယ်။ အဲ့ဒီညီလာခံမှာလဲ ဖက်ဒရယ်ပေးပါ။ ဖက်ဒရယ်ပုံစံနဲ့ ကျွန်တော်တို့ပြန်ဖွဲ့ပါ။ အဲ့ဒီမှာ ပြဿနာ ကဘာလဲဆိုတော့ အဲ့ဒီအချိန်တုန်းကတော့ ပြည်နယ်ကလဲ ၄-၅ခုပဲရှိသေးတယ်။ ရှမ်း၊ကချင်၊ ကရင်၊ ကယား၊ ချင်း၊ အဲဒါ လောက်ပဲရှိသေးတယ်။

အဲ့ဒီအခြေအနေကတော့ တော်တော်ရှင်းတဲ့ အနေအထားပေါ့။ ဒီအခြေအနေမှာဖွဲ့လိုက်ရင် ဗမာပြည်က ပြည်မဆိုတဲ့ပုံစံနေတာမဟုတ်ဘဲနဲ့ ပြည်မ၊ ပြည်နယ်မဟုတ်ဘဲနဲ့တန်းတူညီမျှမှု၊ ကိုယ်ပိုင်ပြဌာန်းခွင့်ဆိုတာမျိုးနဲ့ လုပ်တာ၊ ဒါကို ဗမာက သဘောမတူဘူး၊လက်မခံခဲ့ဘူး၊ သူတို့ရဲ့ဖွဲ့စည်းပုံကိုက ပြည်ထောင်စုသာဖွဲ့စည်းခဲ့ရင် ဗဟိုအစိုးရဆိုတာ မရှိတော့ဘူး၊ ပြည်နယ်အစိုးရတွေမှာ သူ့ရဲ့ လုပ်ပိုင် ခွင့်တွေ နိုင်ငံရေးအခွင့်အရေးတွေဒါတွေက ပြည်နယ်တိုင်းမှာ သူ့ရဲ့ လုပ်ပိုင်ခွင့်တွေ၊ နိုင်ငံရေးအခွင့် အရေးတွေ ဒါတွေက ပြည်နယ်တိုင်းမှာ ရှိသွားမယ်။

ဗမာပြည်ကလဲပြည်နယ်တစ်ခုအနေနဲ့ပဲရှိရမယ်လေ။ ဗဟိုအစိုးရဆိုတာလဲ များများမရှိဘူးလေ နိုင်ငံခြားရေးလို ငွေစက္ကူထုတ်လုပ်လို ကိစ္စမျိုးတွေလောက်ပဲ ဗဟိုအစိုးရမှာရှိမယ်လေ၊ ဌာနပေါင်း ၈ခု ၉ ခုလောက်ပဲရှိမှာလေ။ဖက်ဒယ်ကိစ္စကို အရင်ကလဲ လုပ်ခဲ့ကြတယ်၊

တစ်ကယ် ပြောရရင်သိပ်လက်မခံနိုင်ဘူး၊ လက်မခံနိုင်လို့ အာဏာသိမ်းလိုက်တယ် အာဏာသိမ်းပြီးနောက်ပိုင်း ဦးနေဝင်းကတစ်ပြိုင်ထဲ ဉာဏ်ပြေးတဲ့လူဆိုတော့ တိုင်းရင်း သားတွေကို စည်းရုံးတယ်၊ တိုင်းရင်းသားတွေရဲ့ ဆန္ဒသဘောထားတွေယူတယ်။ အခွင့်အရေးတွေပေးတယ်။၁၉၆၄ ကျတော့  မဆလအစိုးရက တိုင်းရင်းသားတွေနဲ့ပတ်သက်တဲ့ သဘောထားကို ပြည်ထောင်စုနေ့မန္တလေးမှာ ကြေညာတယ် ဗျ။

အဲ့ဒီကြေညာစာတမ်းမှာတိုင်းရင်းသား တွေရဲ့အခွင့် အရေးတွေပါတယ်ဗျ။ အဲဒါမတိုင်လေးမှာ တိုင်းနယ်ပြည်နယ် ၁၄ တွေ လိုက်လုပ်တယ်ဗျာ။ ပြီးတော့မှ  တိုင်းရင်း သားအခွင့်အရေးတွေ ပြောတာလေ။ အဲလို တိုင်းနှင့်ပြည်နယ်၁၄ ခုရှိမှ အာဏာကို ဗမာတွေတစ်ဝက်တိုင်းရင်းသားတွေ တစ်ဝက်ဖြစ်သွားတာကို။ အဲ့ဒီမှာ ရခိုင်နဲ့မွန် ပြည်နယ်၊ ကယားတို့ တိုးလာတယ်။ ရန်ကုန်တိုင်းလို့ပေါ်လာတာပေါ့။ အရင်က ရန်ကုန်တိုင်းဆိုတာမရှိဘူးလေ။ ဒီနေ့မှာဖက်ဒရယ်က ပြဿနာ တွေရှိနေသေးတာပဲ။ ပြည်နယ်  ၈ ခု ခွဲမယ်ဆိုရင်လဲ ဗမာဟာ ပြည်နယ်တစ်ခုပေါ့ဗျ။

တိုင်းရင်းသားတွေမှာလဲ ပြဿနာတွေရှိတာပဲ၊ တိုင်းရင်းသားတွေဘက်မှာ တိုင်း ၇ ခုထဲမှာပါနေတော့ ပြည်နယ်တွေပေးလာတယ်။ ဒါပေမယ့် တစ်ကယ်သာ ဖက်ဒရယ်ပြည်ထောင်စု လုပ်မယ်ဆိုရင်ရှမ်းပြည်နယ်ထဲမှာလဲ ဓနုတို့ ပအို့စသည်တို့ကခွဲထွက်ဖို့ပေါ်လာအုံးမှာ အဲလေချုပ်လိုက်လို့ရှိရင် ဖက်ဒရယ်ကတစ်ကယ်ရှုပ်ထွေးတဲ့ပြဿနာပဲ ဘာဖြစ်လို့လဲဆိုတော့ ပြည်နယ်ဖွဲ့စည်းတဲ့ပုံစံတွေ တိုင်းဖွဲ့စည်းတဲ့ပုံတွေ နောက်တစ်ခါ စစ်တပ်တို့ဖွဲ့စည်းရာမှာလဲ ရှုပ်ထွေးနိုင်တာပဲလေ။ အာဏာခွဲဝေမှုမှာလဲ ရှုပ်ထွေးမယ်။ဒါကြောင့်ဖက်ဒရယ်ပုံစံကတော့ရှုပ်ရှုပ်ထွေးထွေးကတော့အများကြီးရှိနေမှာဘဲ၊ ဒါပေမယ့် အားလုံးကတော့မျှမျှတတဖြစ် အောင်လုပ်နေတာကို သဘောကျပါတယ်။ အခုလက်ရှိပုံစံကတော့ တောမရောက် တောင်မရောက်ပုံစံကိုတော့မကြိုက်၊ ဖက်ဒရယ်ကတော့အသင့်အမြတ်ဆုံးပဲ ပြဿနာတွေကိုတော့ညှိနှိုင်းဖြေရှင်းရမှာဘဲ။

Red News Agency

By RNA Editor

Leave a Reply

Your email address will not be published. Required fields are marked *