ရန်ကုန်မြို့က ပြည့်တန်ဆာ ကျားဖြန့်ဂိုဏ်းချုပ်ကြီး (သို့မဟုတ်) ဘဝပေါင်းများစွာအပေါ် ကုပ်သွေးစုပ်အမြတ်ထုတ်နေတဲ့ တပ်ထွက်ဗိုလ်ပြုတ်ကြီး

“ဗိုလ်ပြုတ်ပြည့်တန်ဆာခေါင်းက မယားနှစ်ယောက်ယူထားရုံနဲ့ အားမရသေးဘူး။ ရောက်လာသမျှ မိန်းကလေး နုနုထွတ်ထွတ်လေးတွေကို ပန်းဦးဆွတ်ပါတယ်။ သူ့ဖာခန်းတွေမှာ ထောင်ထွက်လိုလို လူမိုက်လိုလိုကောင်တွေကို ဧည့်ခေါ်၊ မိန်းမထိန်း ခန့်ထားပါတယ်”

(မှတ်ချက် – ငရဲခန်းမှ လွတ်မြောက်လာသူ မိန်းကလေးတစ်ဦး၏ ဖွင့်ဟဝန်ခံချက်အပေါ်အခြေခံပြီး စုံစမ်းရေးသားသည်။)

—-Red News Agency —–

၁၉၉၀ ပြည့်နှစ်ကာလများတုန်းက ကိုတင်နွယ်လို့သိကြတဲ့ နာမည်ကျော် ပြည့်တန်ဆာခေါင်းတစ်ယောက် ရန်ကုန်မြို့မှာရှိခဲ့ပါတယ်။ ကိုတင်နွယ် နာမည်ကြီးရတဲ့အကြောင်းရင်းက နံပါတ်တစ် သူ့ဖာခန်း ဧည့်ကြိုနံရံမှာချိတ်ဆွဲထားတဲ့ ဓာတ်ပုံတစ်ပုံရယ်၊ နံပါတ်နှစ်ကတော့ ထိပ်ထိပ်ကြဲ လူကုံထံရပ်ကွက်မှာ အခန်းဖွင့်နိုင်ခြင်းဆိုတဲ့ အချက်နှစ်ချက်ကြောင့် ဖြစ်ပါတယ်။ န.ဝ.တ လက်ထက် တီဗီမှာ အစီအစဉ်တစ်ခုအနေနဲ့ နေ့စဉ်နဲ့အမျှ ထုတ်လွှင့်ခဲ့တဲ့ “အလှူဒါနပြုကြသူငှာ”မှာ ကိုတင်နွယ်က လှူဒါန်းမှုတစ်ခုပြုလုပ်ခဲ့ပါတယ်။

ထုံးစံအတိုင်း နဝတ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီးခင်ညွန့်ထံမှ ဂုဏ်ပြုလက်မှတ်ယူ၊ လက်ဆွဲနှုတ်ဆက်၊ မှတ်တမ်းဓာတ်ပုံရိုက်သည်ပေါ့။ အဲဒီဓာတ်ပုံကို ကိုတင်နွယ်က ရွှေတောင်ကြားမှာဖွင့်တဲ့ သူ့ဖာခန်းနံရံမှာ ဂုဏ်ယူဝင့်ကြွားစွာနဲ့ ချိတ်ဆွဲထားခဲ့တာပါ။ သူ့ဆီဝင်ထွက်နေသူတွေပါးစပ်ဖျားမှာ ဒီဓာတ်ပုံအကြောင်း၊ ကိုတင်နွယ် ဘယ်လောက်ပိုင်ကြောင်းတွေ တဖွဖွပြောဆိုကြတော့ တဆင့်စကား တဆင့်နား သတင်းကြီးနေခဲ့တာပေါ့။ နောက်ဆုံးတော့ ကိုတင်နွယ်လည်း အဲဒီဓာတ်ပုံကြောင့်ပဲ ဖမ်းဆီးအရေးယူခံရပြီး သူ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းလည်း တခန်းရပ်သွားခဲ့ပါတယ်။ ဒါကတော့ ၉၀ ပြည့်နှစ်များ နှောင်းပိုင်းကာလက ဖြစ်ရပ်တခုပါ။

အဲဒီကနေ နှစ်ပေါင်းအစိတ်လောက်ကြာလာပြီးတဲ့နောက် မဟာရန်ကုန်မြို့မှာ ကိုတင်နွယ်ထက် လက်စောင်းထက်တဲ့ ပြည့်တန်ဆာခေါင်း လူကုန်ကူးကျားဖြန့်ဂိုဏ်းချုပ်တစ်ယောက် ထပ်မံပေါ်ထွက်လာပါတယ်။ ခေတ်ပျက်ကြီးထဲမှာ တောကြောင်တွေ လက်ခမောင်းခတ်ကြတာ မဆန်းပေမယ့် ဒီ တပ်ထွက်ဗိုလ်ပြုတ်ရဲ့ လုပ်ရပ်ကတော့ ဖာခေါင်းလောကမှာ အောချရလောက်ပါပေတယ်။ ဘဝပေါင်းများစွာကို ချနင်းပြီး ကုတ်သွေးစုပ်အမြတ်ထုတ်နေချက်က ရက်စက်မှုအပေါင်း သရဖူဆောင်းပါတယ်။

ဗိုလ်ပြုတ်ပြည့်တန်ဆာခေါင်းက ရန်ကုန်မြို့တခွင်မှာ ဖာခန်းပေါင်း ၁၀ ခန်းလောက်ဖွင့်ထားပြီး တစ်ခန်းတစ်ခန်းမှာ မိန်းကလေး ၂၅ ယောက်ဝန်းကျင်ရှိပါတယ်။ ဖာခန်းတခန်းရဲ့ ပျမ်းမျှဝင်ငွေက ၂၄ နာရီတစ်ရက်ကို သိန်း ၂၀ ဝန်းကျင်ရှိပြီး တစ်လ သိန်းထောင်ချီ အသားတင်ဝင်နေတာပါ။ ဒီလူဟာ သူ့ကိုယ်သူ တပ်ထွက်ဗိုလ်ပြုတ်လိုလို စစ်မျိုးစစ်နွယ်လိုလိုပုံဖမ်းထားပြီး ဆိုင်ရာဆိုင်ရာ နယ်မြေစခန်းတွေကို အိတ်ကပ်ထဲထည့်ထားတာပါ။ ဘယ်လောက်ပိုင်သလဲဆို သူ့ဖာခန်းတွေဟာ ရန်ကုန်မြို့ရဲ့ အချက်အခြာ လမ်းမကြီးတွေပေါ်မှာပဲ ပေါ်တင်ဖွင့်ထားနိုင်တာပါ။ ဒီစာရဲ့အဆုံးမှာ လိပ်စာတွေ ဖော်ပြပေးလိုက်ပါမယ်။ ရှုကြပါကုန်။

“သားကောင်းဖမ်းနည်းနဲ့ ချုပ်ကွက်”

ဒီနေ့ စမတ်ဖုန်းခေတ်မှာ တောကြိုအုံကြားမကျန် အသုံးပြုတဲ့ TikTok မှာ အလုပ်အကိုင်ရှာဖွေရေးဆိုတဲ့နာမည်နဲ့ အကောင့်တခုဖွင့်ထားပါတယ်။ အများပြည်သူ စားဝတ်နေရေး အင်မတန်ခက်ခဲတဲ့ခေတ်ကြီးမှာ အလုပ် အကိုင် ရှာဖွေနေသူတွေက ဒုနဲ့ဒေးရှိနေတယ်မဟုတ်ပါလား။ ပြည်သူတွေ ခက်ခဲနေတယ်ဆိုတာကို အမှန်တကယ်တော့ တပ်ကကောင်တွေက ပိုသိတာမို့ ဒီတပ်ထွက်ဗိုလ်ပြုတ်က ဒီအကွက်ကို သုံးတာပါ။

အသက် ၁၇ နှစ်မှ ၂၅ နှစ်အတွင်း မိန်းကလေးသီးသန့် တလကို ကျပ်သိန်း ၂၀ မှ ကျပ်သိန်း ၃၀ အထိဝင်ငွေရမယ်လို့ ကြော်ငြာပို့စ်တွေ တင်ပါတယ်။ လုပ်ရမယ့်အလုပ်က ကေတီဗီအသန့် (သို့မဟုတ်) ဘားဆိုင်။ စိတ်ဝင်စားလို့ အလုပ်လျှောက်တဲ့မိန်းကလေးတွေကို အလှဓာတ်ပုံပို့ခိုင်းကာ ခိုင်းစားလို့ ရနိုင်တဲ့မိန်းကလေးတွေကို ရွေးခေါ်ပါတယ်။ နယ်ကလာမယ့် မိန်းကလေးတွေအတွက် အောင်မင်္ဂလာအဝေးပြေးကွင်းအထိ ကြိုပို့လွှတ်ပေးတယ်။ ဒီလိုနဲ့ အနယ်အနယ်အရပ်ရပ်က အရွယ်ကောင်းမိန်းကလေးတွေ မပြတ်တမ်း ရောက်လာပါတယ်။

မိန်းကလေးတွေ ရောက်လာပြီဆိုရင် လုပ်ငန်းခွင်မှာ ဆွဲဆောင်မှုရှိဖို့အတွက် အရောင်တင်ပေးရမယ်လို့ဆိုကာ အဝတ်အစား ဆင်ပေးပါတယ်။ အလှပြင်ဆိုင်ပို့ပြီး ဆံပင်ဖြောင့်တာ ကောက်တာ ဆေးဆိုးတာ စိတ်ကြိုက်လုပ်စေပါတယ်။ မိန်းကလေးတွေက ဒီအထိ ပျော်နေသေးတာ။ ဒီအတွက် ကျသင့်ငွေကို ၁၀ သိန်းဝန်းကျင်လို့ ပိုတွက်ပြီး စားရင်းမှတ်ထားလိုက်ပါတယ်။ မိန်းကလေးတွေအတွက်က အလုပ်မစရသေးဘူး ၁၀ သိန်းအကြွေးတင်သွားတဲ့သဘောပေါ့။

အဲ့ဒီနောက်မှ တကယ်အလုပ်လုပ်ရမယ့်ဖာခန်းကိုခေါ်လာပြီး လုပ်ရမယ့်အလုပ်က ယောကျ်ားတွေနဲ့ ရည်းစားလိုဆက်ဆံပေးရမယ်ဆိုတဲ့အကြောင်း အသိပေးပါတယ်။ မလုပ်ချင်ဘူးဆိုရင် တင်နေတဲ့အကြွေး အကုန်ပြန်ဆပ်မှ ပြန်လွှတ်နိုင်မယ်လို့ဆိုပါတယ်။ ဒီမှာတင် မိန်းကလေးတွေခများမှာ ချုပ်ကွက်ထဲ ဂွိကနဲမိသွားပါပြီ။ နဂိုကမှ ငွေကြေးမပြည့်စုံလို့ ရန်ကုန်တက် အလုပ်လုပ်မဟဲ့ဆိုကာ ရောက်လာပြီးမှ အကြွေးပါထပ်တင်တဲ့အဖြစ်။

ရန်ကုန်မှာ ဆွေမရှိ မျိုးမရှိ မသွားတတ် မလာတတ်တဲ့အပြင် နယ်မှာကျန်ရစ်တဲ့ မိဘတွေဆီ အကြောင်းစုံရှင်းပြရင်လည်း လျော်နိုင်မှာမဟုတ်တဲ့အပြင် စိတ်ဆင်းရဲရမယ့်အဖြစ်၊ ဝက်ဖြစ်မှ မစင်ကြောက်မနေတော့ဘူးလို့ သဘောထားပြီး ပျော်ပျော်ကြီး ဘဝကိုစတေးလိုက်ရတာပါပဲ။ ဒါဟာ အင်မတန်ရက်စက်တဲ့ ကျားဖြန့်တမျိုးပါပဲ။ မိန်းကလေးတွေခများ အနည်းဆုံးတော့ အကြွေးကျေသည့်တိုင်အောင် ပေးဆပ်သွားကြရလေတယ်။ ဒီလိုနဲ့ ဝဋ်ကြွေးကျေလို့ ပြန်ထွက်သွားတဲ့မိန်းကေးတွေများသလောက် သားကောင်အသစ်တွေကလည်း တဖွဲဖွဲ ရောက်လာနေပါတယ်။

“ပြည့်တန်ဆာကျားဖြန့်ဂိုဏ်းချုပ်ရဲ့ စရိုက်သဘာဝ”

ဒီလုပ်ငန်းနောက်ကွယ်ကလူဟာ သူ့ကိုယ်သူ တပ်ထွက်ဗိုလ်ပြုတ်လိုလို စ.က.စနဲ့ နီးစပ်သူလိုလို ပုံဖမ်းထားပေမယ့် အမှန်တကယ် ဟုတ် မဟုတ်တော့ တပ်အပ်မဆိုနိုင်ဘူး။ သေချာတာကတော့ ဒီပုဂ္ဂိုလ်ဟာ တရားဝင်မိန်းမနဲ့မိသားစုရှိတဲ့အပြင် အပြင်မှာ မယားငယ်တယောက်ကိုလည်း ပေါ်တင်ပေါင်းသင်းနေတယ်။

အပေါ်မှပြောခဲ့တဲ့ မိန်းကလေးတွေကို အဝတ်အစားဆင်ပေးခြင်း၊ အလှပြင်ပေးခြင်းတွေ ဘာကြောင့် လုပ်စေတယ် ဘယ်လိုလုပ်တယ်ဆိုတာကို ပြန်ဆက်ပါမယ်။ ဒီလူက မိန်းကလေးတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ပြီး နှစ်ကျပ်ကွက်ရိုက်ပုံက ဒီလိုပါ။ ဗိုလ်ပြုတ်က မယားငယ်ကို မြို့ထဲတစ်နေရာမှာပဲ အလှပြင်ဆိုင်နဲ့ ဖက်ရှင်စတိုး နှစ်ထပ်တွဲလျက် ဆိုင်ဖွင့်ထားပေးပါတယ်။ သူ့ဆီရောက်လာတဲ့ မိန်းကလေးမှန်သမျှအတွက် အဝတ်အစားနဲ့ အလှအပပြင်ဆင်ခြင်းကတွေကို မယားငယ်ရဲ့ ဆိုင်မှာပဲ ပြီးမြောက်စေပါတယ်။

မယားငယ်အတွက်ကလည်း ဆိုင်မှာလူမပြတ်၊ သူ့အတွက်ကလည်း ကောင်မလေးတွေကို အကြွေးနဲ့ချုပ်ပြီးသားဖြစ် တချက်ခုတ် နှစ်ချက်ပြတ်ပေါ့။ တကယ်တမ်းမှာတော့ မယားငယ်ရဲ့ ဝတ်ကျအထည်တွေကို ဈေးတင်ပြီး ကောင်မလေးတွေကို ပြန်ရောင်းတာပါ။ အလှပြင်ဆင်စရိတ်ကလည်း ထိုနည်းလည်းကောင်းပဲ ဈေးပိုယူထားတာပါ။ ဒါဟာ ကောင်မလေးတွေကို အကြွေးနဲ့ အကြပ်ကိုင်ဖို့အတွက် လမ်းကြောင်းခင်းလိုက်တာပေါ့။

ကောင်မလေးတွေခများမှာ လူတယောက်နဲ့ တစ်နာရီဆက်ဆံမှရတဲ့ ကျပ်တစ်သောင်းခွဲထဲက ချောဆီဖိုး၊ ကွန်ဒုံဖိုး၊ wet tissue ဖိုး ထွေလီကာလီအကုန်လုံး ပြန်နှုတ်ပြီးလို့ကျန်တဲ့ တစ်သောင်းမပြည့်တပြည့်ရတဲ့ငွေနဲ့ အကြွေး ၁၀ သိန်း ကျေဖို့အတွက် ဘယ်လောက်ထိ ပေးဆပ်ကြရမယ်ဆိုတာ တွေးကြည့်နိုင်ပါတယ်။ သူ့ရဲ့ကျားဖြန့်ခွင်ထဲဝင်လာသမျှသော မိန်းကလေးတွေဟာ သူ့ မယားငယ်ရဲ့ ဖက်ရှင်စတိုးနဲ့ အလှပြင်ဆိုင် လည်ပတ်ရေးအတွက် အဓိကကျတဲ့ ကာစတန်မာတွေဖြစ်ပါတယ်။ တနည်းအားဖြင့်တော့ မယားငယ်ဟာ ယောကျ်ားရဲ့ ပြည့်တန်ဆာလုပ်ငန်းလည်ပတ်ရေးမှာ သိလျက်နဲ့ ပါရမီဖြည့်ပေးနေတာပါ။

ဗိုလ်ပြုတ်ပြည့်တန်ဆာခေါင်းက မယားနှစ်ယောက်ယူထားရုံနဲ့ အားမရသေးဘူး။ ရောက်လာသမျှ မိန်းကလေး နုနုထွတ်ထွတ်လေးတွေကို ပန်းဦးဆွတ်ပါတယ်။ သူ့ဖာခန်းတွေမှာ ထောင်ထွက်လိုလို လူမိုက်လိုလိုကောင်တွေကို ဧည့်ခေါ်၊ မိန်းမထိန်း ခန့်ထားပါတယ်။ TikTok က ရောက်လာတဲ့ မိန်းကလေးတွေထဲမှာ မြက်နုလေးတွေ ပါလာတယ်ဆိုရင် ဂိုဏ်းချုပ်ထံ အလုအယက် အစီရင်ခံကြပါတယ်။ ဂိုဏ်းချုပ်ကလည်း သဘောကျတော်မူရင် သူတို့အပေါ် ငွေစကြေးစလေးတွေ ကျတယ်ဆိုပါတော့။

မိန်းကလေးပေါင်းများစွာရဲ့ ဘဝတွေကိုခြနင်းပြီးရလာတဲ့ ငွေနဲ့ ဗိုလ်ပြုတ်က နှစ်လ ၁ ကြိမ်လောက် ကားတွေကို အထည်လဲစီးနိုင်တဲ့အထိ ကြီးပွားနေတာပါ။ မယားကြီးခများမှာလည်း “ခွင့်လွှတ်မလား၊ စွန့်လွှတ်မလား” ဆိုတဲ့အကွက်နဲ့တင် နောက်ကောက်ချခံထားရရှာတာပါ။

“ရန်ကုန်မြို့တခွင်က ဖာခန်းများရဲ့ တည်နေရာများ”

စုံစမ်းသိရှိရလောက် ရန်ကုန်မြို့ အချက်အခြာနေရာတွေမှာ ဖာခန်း (၇) ခန်းအထိရှိနေပြီး နောက်ထပ်လည်း ရှိနိုင်ပါသေးတယ်။ တည်ရှိတဲ့နေရာတွေက အချက်အခြာဖြစ်တဲ့အပြင် သက်ဆိုင်ရာ ရဲစခန်းတွေနဲ့လည်း ခဲတစ်ပစ် ကျောချင်းကပ်လျက်နီးပါ တည်ရှိနေတာပါ။ ဥပမာ – ပန်ဆိုးတမ်းလမ်းမပေါ်ကအခန်းဆိုရင် ကျော်တံတားရဲစခန်းနဲ့ မီးပွိုင့်တစ်ခုပဲဝေးပြီး ကျော်ချင်းကပ်လောက်မှာရှိနေတာပါ။ တစ်တိုက်ကျော်မှာက ရပ်ကွက်ရုံး။ တောင်ဥက္ကလာက အခန်းဆိုရင်လည်း မြို့နယ်ရဲစခန်းနဲ့တကြောတည်းမှာရှိပြီး တောင်ဥက္ကလာပစေတီတော်အနားက စုပေါင်းရုံးနဲ့ ဓားလွယ်ခုတ်လောက်မှာဖြစ်သလို တရားရုံးနဲ့ ကိုက်တစ်ရာလောက်အကွာမှာရှိနေတာပါ။ သုံးထပ်တိုက် ထီးထီးကြီးပါ။ တည်နေရာတွေကတော့ အောက်ပါအတိုင်းပါပဲ။

၁။ ပန်းဆိုးတန်းလမ်းမကြီး ဘူတာကြီးခုံးကျော်တံတားအဆင်း Unique IT and Mobile Centre နဲ့ကပ်လျက်တိုက် ဒု/တ နှစ်ထပ်တွဲ ကျောက်တံတားမြို့နယ်။

၂။ ဗိုလ်တထောင်ဘုရားလမ်းမ Orchid Hotel အနီး Ocean Pearl Inn တစ်တိုက်လုံး ဗိုလ်တထောင်မြို့နယ်။

၃။ စဉ့်အိုးတန်းလမ်း 899 တရုတ် စီချွမ်းစားသောက်ဆိုင်မျက်စောင်းထိုး တိုက်အမှတ် ၅၀ တစ်တိုက်လုံး။

၄။ သစ္စာလမ်းမကြီး ဂိတ်ဟောင်းမှတ်တိုင် တောင်ဥက္ကလာပမြို့နယ်
CITI ဘီယာဆိုင်နဲ့မျက်နှာချင်းဆိုင်၊ ကျော်အထူးကုဆေးခန်းနဲ့ကပ်လျက် ၃ ထပ်တိုက်၊ Golden Brothers Car Spa အပေါ် ဒုတိယထပ်နဲ့ တတိယထပ်။

၅။ သံသုမာလမ်းမကြီး သုဝဏ္ဏ သစ်စက်မှတ်တိုင် Diamond Sky ဘီယာဆိုင်မျက်နှာချင်းဆိုင်၊ အာရှတံခွန် ရောဂါရှာဖွေရေးစင်တာ တစ်ခန်းကျော်။

၆။ တိုက် ၁၁ (၃) လွှာ ၂၂ လမ်း လသာမြို့နယ်။

၇။ အလုံမြို့နယ်ထဲမှာ နောက်ထပ် ဖာခန်းတစ်ခန်း။

ဒီဖာခန်းတွေကို သွားရောက်ပျော်ပါးတဲ့ ယောကျ်ားတွေအတွက်ကတော့ ဇိမ်ခန်း၊ ကျားဖြန့်ဖာခေါင်းအတွက်မှာတော့ ဘဏ္ဍာတိုက် သို့သော် မိန်းကလေးအတွက်ကတော့ ငရဲခန်းသက်သက်မျှသာဖြစ်ပါတယ်။

အနှစ်ချုပ်အနေနဲ့ ကျားဖြန့်ဖာခေါင်းရဲ့ ဖာခန်းတစ်ခန်းစီမှာ မိန်းကလေး ၂၀ မှ ၂၅ ယောက်ဝန်းကျင်ရှိပြီး စုစုပေါင်း မိန်းကလေးအယောက် ၂၅၀ လောက် ပိတ်မိနေပါတယ်။ အရင်ကလည်း ဘဝပျက်သွားတဲ့ မိန်းကလေးပေါင်း မရေမတွက်နိုင်အောင်ရှိခဲ့ပြီး ကျားဖြန့်ထောင်ချောက်ထဲတိုးဝင်လာမယ့် နောက်ထပ် လိင်ကျွန်ပြုခံရမယ့် မိန်းကလေးပေါင်းများစွာလည်း ရှိနေပါတယ်။ မိန်းကလေးတစ်ယောက်ဟာ အနည်းဆုံး ၃ လလောက် ခန္ဓာကိုယ်နဲ့ပေးဆပ်ပြီးမှ ကိုယ့်ကိုယ်ကိုယ် ပြန်ရွေးယူရတဲ့အနေအထားဖြစ်ပါတယ်။

ဒါကတော့ မိန်းကလေးတွေကို TikTok က လိမ်ခေါ်၊ တပည့်လူမိုက်တွေနဲ့ မိုက်ကြေးခွဲပြီး လိင်ကျွန်ပြု အဓမ္မခိုင်းစေ၊ ဒီ ဒုစရိုက်လုပ်ငန်းကရလာတဲ့ငွေနဲ့ ကြီးပွားချမ်းသာနေတဲ့ ရန်ကုန်မြို့က ပြည့်တန်ဆာ ကျားဖြန့်လုပ်ငန်းအကြောင်း တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။

#RedNewsAgency #RNA #RedNews

By RNA Editor