ရေကြီးရေလျှံမှုအတွင်း လူသေဆုံးမှုနှင့်ပတ်သက်ပြီး စစ်ကောင်စီလိမ်ညာထုတ်ပြန်

RNA_စက်တင်ဘာ(၁၈)၊၂၀၂၄ ခုနှစ်။

မင်းအောင်လှိုင်ဦးဆောင်သော အကြမ်းဖက်စစ်ကောင်စီက ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဖြစ်ပေါ်ခဲ့သော ရေဘေးအတွင်း ပြည်သူများသေဆုံးမှု စာရင်းများကို စစ်ကောင်စီက ဖုံးကွယ်ထားပြီီးလိမ်လည်ထုတ်ပြန်နေကြောင်း တွေ့ရှိရသည်။

ရမည်းသင်းမြို့နယ် သပြေပင်ကျေးရွာတွင် ပျက်စီးဆုံးရှုံးမှုများခဲ့သော်လည်း စစ်ကောင်စီသတင်းပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဇော်မင်းထွန်း၏ ပြောကြားချက်ကို စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီသတင်းစာ၌ ထည့်သွင်းဖော်ပြရာတွင် သပြေပင်ကျေးရွာ၌ ပြည်သူ (၈) ဦးသာသေဆုံးခဲ့သည်ဟု လိမ်လည်ပြောကြားထားသည်။


သပြေပင်ကျေးရွာအနီး ဝန်းကျင်တွင် ရွှေလုပ်ကွက်များရှိသလို ကျေးရွာအတွင်းမဟုတ်သည့် နေရာများ၌ နေထိုင်သူများပါ ပျောက်ဆုံးနေကြောင်း၊ စက်တင်ဘာ ၁၇ ရက်နေ့အထိ သပြေပင်ကျေးရွာတွင် သေဆုံးသူနှင့် ပျောက်ဆုံးနေသူ ၁၀၀ ကျော်အနည်းဆုံးရှိနေသည်ဟု သပြေပင်ကျေးရွာနှင့် နီးစပ်သူတဦးက Red News Agency ကိုအတည်ပြု ပြောကြားထားသည်။

 

“သပြေပင်၊ ငါးတဲစု၊ ဘက်ဟိုးကုန်း၊ ပန်းတောင်၊ ချောင်းဖျား ရွာတွေကတော့ လူတွေကော အိမ်တွေကော မျောပါပျက်စီး နစ်မြုပ်မှုတွေရှိတယ်၊ သေဆုံး ရာကျော်၊ ပျောက်ဆုံး ၅၀ နီးပါးရှိ၊ သပြေပင်တို့ ချောင်းဖျားတို့ကတော့ ထမင်းထုပ်တွေ မလို့တော့ဘူး၊ ဆန်၊ ဆီ၊ ဆား ကုန်ခြောက်တွေပဲလိုတော့တယ် ဆေးဝါးတွေ လိုအပ်တယ်။ ပြန်လည်ထူထောင်ရေးအတွက် စဥ်းစားရတော့မယ်၊ လူငယ်ပရဟိတအဖွဲ့တွေ ကူညီမှုတွေက အားရမိတယ်၊ ရန်ကုန်-မန္တလေး ပရဟိတကားတွေဆို လမ်းပေါ်မှာ အများကြီးတွေ့ရတယ်” ဟု ရမည်းသင်းဒေသခံတစ်ဦးကလည်း Red News Agency ကို ပြောကြားထားသည်။

 

စက်တင်ဘာ ၁၆ ရက်နေ့က စစ်ကောင်စီထုတ်ပြန်ထားသည့် ရေကြီးရေလျှံမှုကြောင့် မြို့နယ်ပေါင်း ၈၄ မြို့နယ်မှာ သေဆုံးသူ ၂၂၆ ဦးနှင့် ပျောက်ဆုံးနေသူ ၇၇ ဦးရှိသည်ဆိုသည်မှာ အမှားသာဖြစ်ပြီး ရမဲသင်းမြို့နယ်အတွင်းမှာပင် စစ်ကောင်စီထုတ်ပြန်သည့်အရေအတွက်နီးပါး ဖြစ်နေပြီး ကလောမြို့မှာပင် ၁၀၀ ခန့်သေဆုံးနိုင်သည်ဟု လူမှုကယ်ဆယ်ရေးအသင်းများက ပြောကြားထားသည်။

#RedNewsAgency #RNA 

By Editor