RNA_အောက်တိုဘာ(၂၉)၊၂၀၂၆ခုနှစ်။
စပိန်နိုင်ငံ၊ မက်ဒရစ်မြို့တောင်ပိုင်း၊ တိုလီဒိုပြည်နယ်၌ အမြန်ရထား (၂) စင်း တိုက်မိသည့် ဖြစ်စဉ်အတွင်း ခရီးသည် (၆၈) ဦးထက်မနည်း သေဆုံးခဲ့ပြီး ဒါဇင်နှင့်ချီ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားသည်။
လူအများအပြား သေဆုံးခဲ့သည့် အောက်တိုဘာ (၂၈) ရက်က အမြန်ရထား(၂)စင်း တိုက်မိမှုဖြစ်စဉ်သည် တိုလီဒိုပြည်နယ် အူရ်ဒါ (URDA) နှင့် လော့စ်ယဲဘဲနက်စ် (Los Yebenes) မြို့ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများနှင့် ဒဏ်ရာရသူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေဆဲဖြစ်ကြောင်း သိရသည်။
အမြန်ရထား (၂) စင်း တိုက်မိမှုဖြစ်စဉ်အပေါ် စပိန်နိုင်ငံသားအားလုံး ဝမ်းနည်းပူဆွေးရကြောင်း စပိန်ဝန်ကြီးချုပ် ပတ်ဒရိုဆန်းချက်ဇ်က ပြောကြားထားသည်။ ရထားလမ်းကြောင်း ထိန်းချုပ်မှုစနစ်၏ ချို့ယွင်းမှုများကြောင့် ယခုကဲ့သို့ ရထား (၂) စင်း တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးကလည်း ထုတ်ဖော်ပြောကြားထားသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ကွန်ပျူတာစနစ်၌ မီးနီပြထားမှုကြောင့် ရထားအလိုအလျောက် ရပ်သွားချိန် ထိန်းချုပ်ရေးတာဝန်ရှိသူများက ကွန်ပျူတာစနစ် ချို့ယွင်းမှုကြောင့်ဟု ယူဆကာ ရထားကို ဆက်လက်မောင်းနှင်စေခဲ့သည့် အမှားအယွင်းကို ကျူးလွန်ခဲ့ခြင်းကြောင့် ယခုကဲ့သို့ ဆိုးရွားဝမ်းနည်းဖွယ်ကောင်းသည့်အခြေအနေ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး အော်စကာပွန်တီက သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များကို ပြောကြားခဲ့သည်။
ခရီးသည် (၇၀) နီးပါး သေဆုံးခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် လိုအပ်သည့် အရေးယူမှုများကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း စပိန်ဝန်ကြီးချုပ်က ပြောသည်။



စပိန်နိုင်ငံတွင်း အမြန်ရထား(၂)စင်း တိုက်မိမှုဖြစ်စဉ်သည် ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက်ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့် ဇန်နဝါရီ (၁၈) ရက်က ကော်ဒိုဘာပြည်နယ်အတွင်း၌ အမြန်ရထား (၂) စင်းတိုက်မိမှုဖြစ်ပွားခဲ့ကာ (၄၆) ဦး သေဆုံးခဲ့ခြင်း (၂၉၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Photo : Reuters
#RedNewsAgency #RedNews #RNA