မြန်အောင်ဆည် ကျိုးကျနိုင်သဖြင့် အနီးဝန်းကျင်ကျေးရွာများမှ ပြည်သူများကို အရေးပေါ်ရွှေ့ပြောင်းပေးနေ

RNA_အောက်တိုဘာ(၁၀)၊၂၀၂၆ခုနှစ်။

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် မြင်ဝါးတောင်ရွာအနီးရှိ မမြဆည် (မြန်အောင်ဆည်) မျက်နှာပြင်၌ အက်ကြောများ ဖြစ်ပေါ်ပြီး ရေလှောင်တမံထိန်း ဆင်ခြေလျှောမြေသားများ နိမ့်ကျပြိုကျများမှုကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ပြည်သူများကို နေရာရွှေ့ပြောင်းနေကြောင်း ဒေသဆိုင်ရာတာဝန်ရှိသူများက သတင်းထုတ်ပြန်ထားသည်။

မြန်အောင်ဆည် တမံထိန်း မြေသားများ နိမ့်ကျပြိုကျမှုသည် အောက်တိုဘာ (၇) ရက်နေ့ကတည်းက စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပြီး အောက်တိုဘာ (၉) ရက်နေ့အထိ မြေပြိုကျမှုများ ရှိနေခဲ့ပြီး ယနေ့နံနက်ပိုင်းအထိ စိုးရိမ်ရသည့်အခြေအနေကြောင့် ဒေသတာဝန်ရှိသူများက ရေပိုလွှဲရေ ထုတ်လွှတ်မှုနှင့် တမံမြေသားများအား ထိန်းသိမ်းနိုင်ရး လုပ်ဆောင်နေကြောင်း သိရသည်။

မြန်အောင်ဆည် ကျိုးကျနိုင်သည့်အခြအနေအပေါ် ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဆည်အနီးဝန်းကျင်ရှိ စမ်းရွာကြီးရွာ၊ ဥယျာဉ်ကွင်းရွာ၊ မရွေးကုန်းရွာ၊ ရွာသစ်ကုန်းရွာ၊ ငါးဘတ်ကျရွာနှင့် ရေနံချက်ဖိုကုန်းရွာတို့ရှိ ဒေသခံပြည်သူ (၉၀၀) ကျော်အား ရေလွှတ်ရာ ကုန်းမြင့်ဒေသများသို့ အရေးပေါ်ရွှေ့ပြောင်းမှု လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိ၌ မြန်အောင်ဆည် ရေမြင့်အမှတ်သည် (၃၁၅) ပေအထိရောက်ရှိနေပြီး ဆည်သိုလှောင်ရေ (၁၀) ပေအထိ လျှော့ချနိုင်ရန်အတွက် ရေပိုလွှဲရေ ထုတ်လွှတ်မှုများကို လုပ်ဆောင်နေကြောင်း၊ ရေဝါချောင်းမှတဆင့် မမြချောင်းနှင့် ငဝန်မြစ်အတွင်းသို့ စီးဆင်းသွားရန် ရှိနေကြောင်း ဒေသတာဝန်ရှိသူများက အသိပေးထားသည်။

By RNA Editor