RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။
ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်ထားသည့် ချီဖွေနှင့် ပန်ဝါတို့ရှိ မြေရှားသတ္တု (Rare Earth) တူးဖော်ရေးလုပ်ငန်းများကို အိန္ဒိယဘက်မှ စိတ်ဝင်စားမှုများရှိနေသော်လည်း နည်းပညာပိုင်းဆိုင်ရာ ထုတ်လုပ်သန့်စင်မှုအတွက် စိန်ခေါ်မှုများရှိနေကြောင်း သိရသည်။
မြေရှားသတ္တုအတွက် အိန္ဒိယက မြန်မာစစ်အုပ်စုနှင့် KIA တို့မှ တာဝန်ရှိသူများကိုပါ ဆက်သွယ်မှုများရှိနေပြီး မြေရှားသတ္တုအရည်အသွေးကို စမ်းသပ်ရန်အတွက် KIA ထံမှ နမူနာများ တောင်းယူထားကြောင်း ကမ္ဘာ့မြေရှားသတ္တုအခြေအနေများကို စောင့်ကြည့်လေ့လာနေသည့် Rare Earth Exchanges (REEx) က ထုတ်ပြန်ထားသည်။
ကချင်ပြည်နယ်အတွင်း KIA ထိန်းချုပ်ထားသည့် မြေရှားသတ္တုလုပ်ကွက်ပေါင်း (၅၀၀) ဝန်းကျင်ရှိနေပြီး လက်ရှိ၌လည်း တူးဖော်ရရှိသည့် မြေရှားသတ္တုများကို တရုတ်နိုင်ငံသို့ တင်ပို့နေဆဲဖြစ်ပြီး ထုတ်လုပ်သန့်စင်မှုလုပ်ငန်းစဉ်များကို တရုတ်က အပြည့်အဝထိန်းချုပ်ထားဆဲ ဖြစ်သည်။
အမေရိကန်နှင့် စီးပွားရေးစစ်ပွဲ ယှဉ်ပြိုင်မှုများအတွင်း မြေရှားဈေးကွက်ကို လက်ဝါးကြီးအုပ် ထိန်းချုပ်နိုင်ရန်အတွက် သန့်စင်ပြီးမြေရှားသတ္တုများ အိန္ဒိယသို့ တင်ပို့မှုကို တရုတ်အစိုးရဘက်မှ တင်းကြပ်သည့် ကန့်သတ်မှုများ လုပ်ဆောင်လာချိန် အိန္ဒိယက မြန်မာရှိ မြေရှားသတ္တုများကို စိတ်ဝင်စားလာခြင်းလည်း ဖြစ်သည်။
မြေရှားသတ္တု တူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေးအတွက် အိန္ဒိယဘက်မှ အခက်အခဲမရှိသော်လည်း တူးဖော်ရရှိသည့် မြေရှားသတ္တုကုန်ကြမ်းများကို ခွဲထုတ်ခြင်း၊ သန့်စင်ခြင်းနှင့် ထုတ်လုပ်ခြင်းလုပ်ငန်းများတွင် အိန္ဒိယအတွက် နည်းပညာအခက်အခဲရှိနေကြောင်း REEx က သုံးသပ်ထားသည်။
ရိုက်တာသတင်းဌာနက စက်တင်ဘာ (၁၀) ရက်တွင် ဖော်ပြထားသည့် သတင်းဆောင်းပါးအရ KIA နှင့် အိန္ဒိယတို့ကြား မြေရှားသတ္တုတူးဖော်ရေးနှင့် သယ်ယူပို့ဆောင်ရေး သဘောတူညီချက်ရရှိခဲ့ပါက အိန္ဒိယအနေဖြင့် တရုတ်အကူအညီမပါဘဲ မြေရှားသတ္တုများကို ပြုပြင်သန့်စင်ရာ၌ စိန်ခေါ်မှုများရှိနိုင်ကြောင်း ဘယ်လ်ဂျီယံအခြေစိုက် မြေရှားသတ္တုကျွမ်းကျင်သူ Nabeel Mancheri က ပြောကြားထားသည်။
KIA အဖွဲ့နှင့် ထိတွေ့ဆက်ဆံမှုများ ပြုလုပ်နေသည့် တစ်ချိန်တည်း၌ပင် မြန်မာစစ်အုပ်စုနှင့် ဆက်ဆံရေးကိုလည်း အိန္ဒိယအစိုးရက လုပ်ဆောင်နေပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အိန္ဒိယခရီးစဉ်အတွင်း မြေရှားသတ္တု တူးဖော်ရေးကိစ္စများ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မြေရှားသတ္တုတူးဖော်ရေးကိစ္စရပ်များနှင့်ပတ်သက်၍ အိန္ဒိယမှ ပညာရှင်များသည် ၂၀၂၄ ဒီဇင်ဘာလနှင့် ၂၀၂၆ ဖေဖော်ဝါရီလတို့တွင် ရန်ကုန်သို့ လာရောက်ခဲ့ကြောင်း၊ အိန္ဒိယ သတ္တုတွင်းဝန်ကြီးဌာန၊ IREL (India Rare Earths Limited) နှင့် Midwest Advanced Materials တို့မှ တာဝန်ရှိသူတို့ကလည်း KIA အဖွဲ့ထံမှ မြေရှားသတ္တု နမူနာများနှင့် ပမာဏအများအပြား တင်ပို့နိုင်ရေးအတွက် စုံစမ်းမှုများရှိခဲ့ကြောင်း သိရသည်။
Red News Agency, Red News,RNA