ဖုန်းသုံးစွဲသူများ၏ အချက်အလက်များကို စစ်အုပ်စုထံ လွှဲပြောင်းပေးမှုဖြင့် တယ်လီနော စွဲချက်တင်ခံရ

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။

လူသားမျိုးနွယ်ပေါ်ကျူးလွန်သည့် စစ်အုပ်စု၏ ရာဇဝတ်မှုများတွင် ပံ့ပိုးကူညီခဲ့သည့် တယ်လီနော ဆက်သွယ်ရေးကုမ္ပဏီကို အရေးယူရန် နော်ဝေရဲတပ်ဖွဲ့က စွဲချင်တင်ထားပြီး တယ်လီနောရုံးချုပ်ကို ဝင်ရောက်ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း Justice For Myanmar (JFM) ၏ ယနေ့ (စက်တင်ဘာ ၁၅ ရက) ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တယ်လီနောဆက်သွယ်ရေးကုမ္ပဏီသည် သုံးစွဲသူများ၏ အချက်အလက်များနှင့် စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းများကို စစ်အုပ်စုထံ လွှဲပြောင်းပေးခဲ့မှုနှင့်ပတ်သက်၍ JFM နှင့် ICJ Norway တို့က နော်ဝေရဲတပ်ဖွဲ့ထံ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် အမှုဖွင့်တိုင်ကြားစာ တင်သွင်းခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံအား ဥရောပသမဂ္ဂမှ ဒဏ်ခတ်ပိတ်ဆို့ထားသည့် စောင့်ကြည့်ထောက်လှမ်းရေးစင်တာနှင့် ဆက်နွယ်သည့် စောင့်ကြည့်ထောက်လှမ်းရေးပစ္စည်းများကို ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် တယ်လီနောက တပ်ဆင်ပေးခြင်း၊ ထိန်းသိမ်းပြုပြင်ပေးခြင်းနှင့် တည်ဆောက်ပေးခြင်းများကို ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း JFM နှင့် ICJ Norway တို့က အထောက်အထားများဖြင့် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

စစ်အုပ်စုနှင့်ဆက်နွယ်သည့် ခရိုနီ ဦးသိန်းဝင်းဇော်ပိုင် ရွှေဗျိုင်းဖြူကုမ္ပဏီအုပ်စုနှင့် လက်ဘနွန် စီးပွားရေးလုပ်ငန်းရှင် M1 Group တို့ ပူးပေါင်းထူထောင်သည့် Investcom ထံ တယ်လီနော(မြန်မာ)ကို အမေရိကန်ဒေါ်လာ (၁၀၅)သန်းဖြင့် ရောင်းချခဲ့ပြီးနောက် သုံးစွဲသူ (၁၈) သန်းကျော်၏ အချက်အလက်များကိုလည်း လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်။

တယ်လီနော (မြန်မာ) ကို ရွှေဗျိုင်းဖြူနှင့် M1 Group တို့ထံ ရောင်းချမှုအစိတ်အပိုင်းအဖြစ် စောင့်ကြည့်ထောက်လှမ်းရေးနှင့် ကြားဖြတ်ဖမ်းယူခြင်းဆိုင်ရာ နည်းပညာများပါဝင်သော စက်ပစ္စည်းများကိုလည်း လွှဲပြောင်းပေးအပ်ခဲ့ခြင်းနှင့် ပံ့ပိုးကူညီများကို တယ်လီနောမှ လုပ်ဆောင်ခဲ့သည်။

ယင်းသို့လုပ်ဆောင်မှုသည် နော်ဝေ၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့မှ မြန်မာနိုင်ငံအား စောင့်ကြည့်ထောက်လှမ်းရေးဆိုင်ရာနည်းပညာပစ္စည်းများ ဒဏ်ခတ်ပိတ်ဆို့ထားမှုကို တယ်လီနောမှ လျစ်လျူရှုရာရောက်ပြီး လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများအား အရေးယူမှုများကို သိလျက်ဖြင့်ပင် မျက်ကွယ်ပြုရာရောက်ကြောင်း JFM ၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောသည်။

၂၀၂၂ ခုနှစ် အစောပိုင်း၌ မြန်မာနိုင်ငံမှ မထွက်ခွာမီ စစ်အုပ်စု၏ ရာဇဝတ်မှုများကို ပံ့ပိုးကူညီပေးခဲ့သည့် တယ်လီနောအား JFM နှင့် ICJ Norway တို့မှ အမှုဖွင့်ထားမှုအပေါ် နော်ဝေရဲတပ်ဖွဲ့မှ စွဲချက်တင်ခဲ့မှုအပေါ် ကြိုဆိုကြောင်းနှင့် တယ်လီနော၏ တာဝန်မဲ့လုပ်ရပ်များကို သေသေချာချာ စုံစမ်းစစ်ဆေးရန် လိုအပ်ကြောင်း မရတနာမောင်က ဆက်လက်ပြောဆိုထားသည်။

တယ်လီနော(မြန်မာ) ကို ရှယ်ယာ (၈၀) ရာခိုင်နှုန်း ပိုင်ဆိုင်ထားသည့် ရွှေဗျိုင်းဖြူကုမ္ပဏီသည် လက်ရှိ၌ ATOM အမည်ပြောင်းလဲထားပြီး ဆက်သွယ်ရေးနည်းပညာဆိုင်ရာလုပ်ငန်းများကို စစ်အုပ်စုနှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိနေသည်။

ဓာတ်ပုံ – AFP

#REDNEWS #RNA #RedNewsAgency #တယ်လီနော #ATOM #JFM

By RNA Editor