စစ်မှုထမ်းများ အသက်သွေးချွေးပေးဆပ်နေဟု မင်းအောင်လှိုင်ပြော

RNA_မတ်(၁၆)၊၂၀၂၆ခုနှစ်။

၁၉၅၉ ခုနှစ်ကတည်းက ရှိခဲ့သည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို၂၀၁၀ ပြည့် နှစ် နိုဝင်ဘာလတွင် ပြင်ဆင်ပြဋ္ဌာန်းထားခဲ့ပြီး အာဏာသိမ်းစစ်တပ် နွေဦးတော်လှန်ရေးကာလအတွင်း စစ်ရှုံးနေချိန် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အသက်သွင်းကာ ပြည်သူများကို အဓမ္မစစ်မှုထမ်းစေပြီးနောက် တိုက်ပွဲများတွင် အသုံးပြုခဲ့ပြီးနောက် စစ်မှုထမ်းများ အသက်သွေးချွေး ပေးဆပ်နေဟု အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားထားသည်။

“ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်တွင် အသက်သွင်းကာ အာဏာတည်စေခဲ့ပြီး အကောင်အထည် ဖော်ကျင့်သုံးခဲ့ကြောင်း၊ ပြည်သူ့စစ်မှုထမ်းများအနေဖြင့် လက်ရှိအချိန်တွင် နိုင်ငံတော် ကာကွယ်ရေးတာဝန်များကို အသက်သွေးချွေးများ ပေးဆပ်၍ တစ်ထောင့်တစ်နေရာမှ ပါဝင်ထမ်းဆောင်လျက်ရှိနေပြီ” ဟု မင်းအောင်လှိုင်က မတ်လ ၁၃ ရက်နေ့က နေပြည်တော်၊ ဇေယျာသီရိဗိမာန်၊ သဘင်ဆောင် ခန်းမ၌ ကျင်းပပြုလုပ်သည့် ၂၀၁၁ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း ခေတ်မီ တပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှုနှင့်ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးပွဲတွင် ပြောကြားထားသည်။



၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းသည့်အတွက် ပြည်သူများပါဝင် ထောက်ခံသည့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲမှုအတွင်း မြို့သိမ်းတိုက်ပွဲများအထိ ဆင်နွှဲခံနေရသည့် အာဏာသိမ်းစစ်တပ်အတွင်း အင်အားပြုန်းတီးမှုများစွာ ပေါ်ပေါက်လာပြီးနောက် စစ်မှုထမ်းဥပဒေကို အဓမ္မအတည်ပြုကာ သင်တန်းအပတ်စဉ်တစ်ခုကို လူဦးရေ ၅၀၀၀ စုဆောင်းခေါ်ယူမည်ဖြစ်ကြောင်း စစ်တပ်က ကြေညာပြီးနောက် ယခုဆိုလျှင် စစ်မှုထမ်း အပတ်စဉ် (၂၀) အထိ သင်တန်းဆင်းပြီးကြောင်း သိရသည်။

အာဏာသိမ်းစစ်တပ်၏ စစ်မှုထမ်းဥပဒေကြောင့် မြန်မာပြည်တွင်းမှ လူငယ်အများအပြား နိုင်ငံခြားထွက်မှုများရှိခဲ့သလို၊ ပြည်တွင်းရှိ လူငယ် လူရွယ်များကို စစ်မှုထမ်းစေရန်အတွက် ညအချိန်မတော် အိမ်ပေါ်ထိတက်ပြီး အဓမ္မဖမ်းဆီးမှုများ၊ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးမှုများစသည့် မတရားဖမ်းဆီး စစ်မှုထမ်းစေခဲ့ခြင်းဖြစ်သည်။

#REDNEWS #RNA #RedNewsAgency

By Editor