“အရောင်ကျပြီး ပြည်ထွက်ရုံ” ရှိတဲ့ ဆေးမြှီးတိုတွေ သုံးနေအုံးမှာလား NUG

“ပြည်သူတွေရဲ့ “မဟာမိတ်တပ်ပေါင်းစု” ဆိုတဲ့တောင်းဆိုသံကို “အထွေထွေထိုးစစ်” ဆိုတဲ့ တုန့်ပြန်သံနဲ့ နှစ်သိမ့်ခဲ့ပေမယ့် ၅လ ကြာပြီးတဲ့အထိ တပ်ပေါင်းစုရော အထွေထွေထိုးစစ်ရော အစအနပေါ်မလာတော့ဘူး။ ပြည်သူလူထုမျှော်လင့်သလောက်တော့ တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေကို တစုတစည်းတည်း စုပေါင်းထားနိုင်ပြီဆိုတဲ့ ဖော်ပြမှုမျိုးတော့ မတွေ့ရသေးဘူး”

ရန်နိုင်

“တော်လှန်ရေးအဖွဲ့အစည်းသာ ဆေးရုံတရုံဆိုရင်၊ တိုက်ပွဲတွေသာ ခွဲစိပ်ခန်းလိုမျိုးဆိုရင် ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးတို့ ဆရာခင်မောင်လွင်တို့က တကယ့်ကိုထိရောက်တဲ့ ခေါင်းဆောင်တွေ ဖြစ်မှာပဲ” လို့ ချင်းညီနောင်ပြောခွင့်ရ ဆလိုင်းယောမာန်က ကိုသက်ထွေးနိုင်နဲ့ အင်တာဗျူးမှာပြောခဲ့တယ်။

“တော်လှန်ရေးကို ဘယ်လိုလုပ်ရမလဲ (နိုင်အောင်တိုက်ရမလဲ) ဆိုတာကို ဘယ်တက္ကသိုလ်ကမှ သင်ပေးတာ မဟုတ်ဘူး” လို့ ဆလိုင်းယောမာန်ရဲ့ မှတ်ချက်အရ တော်လှန်ရေးအောင်မြင်ဖို့အချက်ထဲမှာ ပညာတက်ခြင်း ဆရာဝန်ဖြစ်ခြင်းက အရေးကြီးတဲ့ အကြောင်းအရာမဟုတ်ဘူးလို့ ပြောလိုရင်းဖြစ်တယ်။ ပညာရပ်ပိုင်းဆိုင်ရာနဲ့ ခံယူချက်ပိုင်းဆိုင်ရာမှာ လေးစားစရာအလွန်ကောင်းပေမယ့် တော်လှန်ရေးတခုလုံး အရွေ့ဖြစ်လာအောင် အောက်ခြေကို ဘယ်လိုချိတ်ဆက်ရမလဲဆိုတဲ့ အပိုင်းတွေမှာ ဒေါက်တာ ဇော်ဝေစိုး၊ ဆရာကြီး ခင်မောင်လွင်၊ ဦးကျော်နီတို့က အားနည်းချက် ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒီလိုအပြောကို ဝန်ကြီးတွေထိရင်မခံတဲ့ ဆိုရှယ်မီဒီယာဆယ်လီတွေရဲ့ “ပက်ခနဲ” ပြန်ပြောလိုက်မယ့်စကားက “မင်းတတ်ရင် မင်းဝင်လုပ်ပါလား” ဆိုတဲ့ စကားပါပဲ။ နောက်တမျိုးက ဝန်ကြီးတွေလုပ်သမျှကို အကောင်း ဘက်က လော်ဘီလုပ်ပေးနေတဲ့ NUG လော်ဘီမီဒီယာတွေရဲ့ အကောင်းမြင်ဖော်ပြချက်တွေကလည်း ဝန်ကြီးတွေရဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းအပေါ် လွှမ်းမိုးတတ်ပါတယ်။

ဓာတ်ပုံ – NUG (ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ မြေပြင်ခရီးစဥ်)။

မီဒီယာတိုက်ပွဲတွေကြားမှာ လူးလိမ့်ရှောင်တိမ်းပြီး နေသာသလိုကြိုးစားပမ်းစား တော်လှန်ရေးတာဝန်ကို ထမ်းဆောင်နေကြတဲ့ ဝန်ကြီးတွေကို ယာယီသမ္မတကြီးက ဦးဆုံးတပ်လှန့် လှုပ်နှိုးခဲ့တာပါ။ ပြည်ပရောက်ဝန်ကြီးတွေနဲ့ အစိုးရတာဝန်ရှိသူတွေ ပြည်တွင်းပြန်လာဖို့ ၂၀၂၄ နိုဝင်ဘာ ၂၆ ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပထမဆုံးအကြိမ်တိုက်တွန်းခဲ့တယ်။ နောက်ထပ် ၂၀၂၅ နှစ်သစ်မိန့်ခွန်းမှာလည်း ထပ်ပြောခဲ့ပြန်တယ်။

ယာယီသမ္မဖြစ်ပေမယ့် မြေပြင်ပြည်သူလူထုရဲ့ ခံစားချက်နဲ့ တထပ်တည်းကျပြီး ပြည်သူတွေလိုအပ်ချက်နဲ့ ကိုက်ညီတာကြောင့် ဆိုရှယ်မီဒီယာသုံးတဲ့ပြည်သူတွေကော မသုံးတဲ့ ပြည်သူတွေက သမ္မတကြီးရဲ့စကားကို ထောက်ခံကြတယ်။ စစ်ဒဏ်လွတ်တဲ့ Zoom မီတင်တွေကနေ ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေက စစ်ပွဲကြားက အသက်လုနေရတဲ့ပြည်သူတွေအတွက် မထိရောက်ဘူးဆိုတာ ငါးနှစ်ခရီးဖြစ်နေတဲ့ တော်လှန်ရေးကာလကို တွက်ကြည့်ရုံနဲ့ သိနိုင်ပါတယ်။

“တရားမဝင်တဲ့ အစိုးရထုတ်တဲ့ အမိန့်မှန်သမျှ တရားမဝင်ဘူး” ဆိုတဲ့ ကြွေးကြော်သံတွေ၊ “စစ်မှုထမ်း ဥပဒေက တရားမဝင်ဘူး၊ ဆန့်ကျင်ကြ” ဆိုတဲ့ အဝေးရောက်အစိုးရအဖွဲ့တွေရဲ့ တိုက်တွန်းချက်တွေက ပေါ်တာဆွဲလို့ ထွက်ပြေးနေရတဲ့ ပြည်သူတွေအတွက် အလုပ်မဖြစ်လှပါဘူး။ ပေါ်တာဆွဲ၊ လူဖမ်း၊ ငွေညစ်၊ အတင်းအဓမ္မ စစ်မှုထမ်းထဲထည့်နေတဲ့ ပြဿနာကို ကျည်လွတ်တဲ့နေရာက ဆန့်ကျင်ပြနေတာက တစ်ကယ်တန်း မထိရောက်ဘူး။ ဘာလို့ အဲလိုပြောရသလဲဆိုရင် စစ်မှုထမ်းတွေသုံးပြီး ထိုးစစ်တွေပြန်ဆင်နေတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ လူအင်အားသုံးထားမှုကို ကြည့်ပါ။

ယာယီသမ္မတကြီးရဲ့ တိုက်တွန်းချက်က မြေပြင်ကပြည်သူတွေအတွက် မျှော်လင့်ချက်တခုဖြစ်ခဲ့ပြီး ဝန်ကြီးတွေအပေါ်မှာ ဖိအားကြီးကြီးမားမား သက်ရောက်ခဲ့တယ်။ ဝန်ကြီးတွေလည်း လှုပ်လှုပ်ခတ်ခတ်နဲ့ ပြည်တွင်း ဝင်ရေး၊ မဝင်ရေးဆိုတဲ့အပေါ်မှာ အာရုံစိုက်ဖြေရှင်းလာရတယ်။ အရိုးစွဲနေတဲ့ ဖြေရှင်းနည်းကတော့ အနားမှာရှိနေတဲ့ ဆယ်လီလော်ဘီတွေရဲ့ အားနဲ့ပဲ ဖြေရှင်းတာကိုတွေ့ရတယ်။

ဓာတ်ပုံ – NUG (ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ မြေပြင်ခရီးစဥ်)။

“ကျနော်တို့အစိုးရက အဝေးရောက်အစိုးရမဟုတ်ဘူး။ အထူးသဖြင့်ဆိုရင် အရေးကြီးဆုံးဖြစ်တဲ့ ခေါင်းဆောင်ကြီးတယောက်ဖြစ်တဲ့ ယာယီသမ္မတကြီး၊ ပြည်ထောင်စုဝန်ကြီးချုပ်တို့က ပြည်တွင်းထဲက သူတို့ရုံးတွေကနေ အစိုးရတာဝန်ကို ထမ်းဆောင်နေကြပါတယ်။ ဝန်ကြီးအဖွဲ့ Cabinet ရဲ့အများစုကလည်း မြန်မာနိုင်ငံအတွင်းမှာ လှုပ်ရှားနေတယ်။” ဆိုပြီး သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော်က ဖြေရှင်းခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုဖြေရှင်းချက်က ပြည်သူတွေလိုချင်တဲ့ အဖြေမဟုတ်ဘူး။

ဦးကျော်ဇော် ပြောခဲ့တဲ့ ပြည်တွင်းက ဝန်ကြီးတွေရှိရုံနဲ့တင် တော်လှန်ရေးအလှည့်အပြောင်း ဖြစ်မနေဘူးဆိုတဲ့ အဖြေကလည်း ရှိနေတယ်။ ဦးကျော်ဇော် ကိုယ်တိုင်ကတော့ ပြည်တွင်းထဲပြန်ဝင်ဖို့ အခက်ခဲရှိတယ်လို့ ဝန်ခံခဲ့ပြီး ရာထူးကနေ ဖယ်ပေးခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုးကတော့ ပြည်တွင်းကိုပြန်ဝင်လာပြီး ယာယီသမ္မတကြီးရဲ့ တိုက်တွန်းချက်ကို လက်ခံခဲ့တယ်။ ပြည်တွင်းထဲရောက်ကတည်းက စစ်မြေပြင်ဆေးရုံတွေ၊ ဆေးခန်းတွေကို လိုက်လံကြည့်ရှုနေတဲ့ ပုံတွေပလူပျံအောင် တက်လာပါတယ်။ မြေအောက်ဆေးရုံ စီမံကိန်းအတွက်လည်း ထုတ်ပြောလာပြန်တယ်။ ဆရာကြီး ပြည်တွင်းပြန်လာတဲ့အပေါ်မှာလည်း တတိယနိုင်ငံ ခိုလှုံခွင့်အတွက် လိုအပ်ချက်အရ ပြည်တွင်းကို ရောက်လာတာလို့ အတည်မပြုနိုင်တဲ့ ဝေဖန်မှုတွေလည်း ရှိနေတယ်။ မကြာခင် တတိယနိုင်ငံကို ပြန်သွားနိုင်တယ်လို့ ခန့်မှန်းသုံးသပ်နေကြပြန်တယ်။ လက်ရှိအချိန်ထိတော့ ပြည်တွင်းမှာပဲ ကျန်းမာရေးဆိုင်ရာ တာဝန်တွေထမ်းဆောင်နေတာကိုလည်း တွေ့နေရတယ်။

“ဆရာကြီး ဒေါက်တာ ဇော်ဝေစိုးက လက်ရှိကိုပဲ ပြည်သူနဲ့အတူတူရှိနေပြီးတော့ ဝန်ကြီးဌာနဆိုင်ရာ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ဆောင်ရွက်မှုရှိပါတယ်” လို့ NUG ဝန်ကြီးရုံးပြောခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောခဲ့ပါတယ်။

သမ္မတကြီးရဲ့ တိုက်တွန်းချက်ထွက်အပြီး ပြည်တွင်းကိုဝန်ကြီးတွေ ရောက်နေပြီဆိုတာကို ဓါတ်ပုံတွေနဲ့ ဖော်ပြရာမှာလည်း ဦးနေဘုန်းလတ် မြေပြင်ရောက်နေတဲ့ပုံတွေလည်း ဖော်ပြထားတာ တွေ့ရတယ်။ လူထုအသံကို နားထောင်တဲ့ဝန်ကြီးတွေဖြစ်တာကြောင့် ပြည်သူလိုလားတဲ့အတိုင်း ပြည်တွင်းကို ပြန်ဝင်တယ်လို့ ဖော်ပြတာက တဖက်တလမ်းနဲ့ပြည်သူ့အသံကို အလေးထားတာကို သတ်မှတ်လို့ရနိုင်ပါတယ်။

ဓာတ်ပုံ – NUG (ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ မြေပြင်ခရီးစဥ်)။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျရောက်တဲ့ (၇၈)နှစ်မြောက် ပင်လုံညီလာခံနေ့မှာ ယာယီသမ္မတကြီးက မဟာမိတ်တပ်ပေါင်းစု ပေါ်ထွန်းဖို့ထည့်သွင်းပြောကြားခဲ့ပြီး တော်လှန်ရေးအရွေ့အတွက် လိုအပ်ချက်ကို ထောက်ပြခဲ့ပါတယ်။ ဝန်ကြီးတွေပြည်တွင်းမှာပြန်ပြီး တာဝန်ထမ်းဆောင်ဖို့ ပြောအပြီး တစ်လကျော်မှာပဲ ယာယီသမ္မတကြီးက နောက်ထပ်လိုအပ်ချက်ကို ထပ်ဖြည့်ပြောခဲ့တာပဲ ဖြစ်ပါတယ်။

သမ္မတကြီးပြောပြီးနောက်မှာလည်း ပြည်သူတွေကြားအသံကျယ်လာတာက “တော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု” ဆိုတဲ့ အသံပဲဖြစ်တယ်။ တော်လှန်ရေးကာလ လေးနှစ်ကျော်လာပေမယ့် တနိုင်တပိုင် ကိုယ့်ရပ်ရွာကို ကာကွယ်ရင်း တော်လှန်ရေးကို ပါဝင်နေသူတွေ၊ တိုင်းရင်းသား တပ်တွေရဲ့ ဦးဆောင်မှု အောက်မှာ တိုက်ပွဲဝင်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေ၊ NUG/ MOD လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေ၊ ပသုံးလုံး တပ်ဖွဲ့တွေဆိုပြီး ရှိကြတယ်။ ဒီလိုပြန့်ကျဲနေတဲ့ အင်အားစုတွေကို စုစည်းပြီး မဟာဗျူဟာကျကျ စစ်ရေး ဖော်ဆောင်မယ့် မဟာမိတ်တပ်ပေါင်းစုတရပ်ကို ပြည်သူတွေက တောင်းဆိုလာပြန်တယ်။

ဝေဖန်ထောက်ပြတဲ့ ပညာရှင်တွေက လက်ရှိ ပသုံးလုံးယန္တရားကို MOD က မထိန်းချုပ်နိုင်တဲ့ အားနည်းချက်တွေ၊ ပြန့်ကျဲနေတဲ့ အညာလက်နက်ကိုင်တပ်တွေကို စုပေါင်းပြီးတိုက်ပွဲဖော်ဆောင်ကြ၊ မြို့သိမ်းဆင်နွှဲနိုင်မယ့် ဦးဆောင်သူနေရာမှာ MODကို တောင်းဆိုလာကြပြန်တယ်။ ပြည်သူတွေ မျော်လင့်တကြီး ယုံကြည်ထားတဲ့ အစိုးရတရပ်ရဲ့ တပ်ရင်းတပ်ဖွဲ့အနေနဲ့ မြို့တွေသိမ်းယူထားတာမရှိသေးပဲ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ စုပေါင်းသိမ်းယူထားတဲ့ မြို့တွေပဲရှိနေတာက MOD အပေါ်ပြည်သူတွေ အားမလိုအားမရ ဖိအားပေးလာတဲ့အချက်ပဲ။

“တပ်ပေါင်းစုအနေနဲ့ စစ်ရေးကိုဟန်ချက်ညီညီဖော်ဆောင်ရင် အောင်မြင်မှုလည်း ပိုရမှာပါ၊ မဟာမိတ် တပ်ပေါင်းစုကို စုပေါင်းခေါင်းဆောင်မှုနဲ့ ဖော်ဆောင်သင့်ပါတယ်” လို့ ချင်းအမျိုးသားတပ်မတော်ရဲ့ ပြောခွင့်ရ ဆလိုင်းထက်နီက BBC နဲ့ အင်တာဗျူးမှာ ပြောခဲ့တယ်။

ဒီဒုတိယအကြိမ်တောင်းဆိုလာတဲ့ “မဟာမိတ်တပ်ပေါင်းစု” ဆိုတာကိုလည်း တိတိပပ မပြနိုင်ပေမယ့် MOD လက်အောက်မှာရှိတဲ့ ထားဝယ် တပ်ပေါင်းစုဆိုပြီး တိုက်ပွဲငယ်အချို့ ဖော်ဆောင်လာတာတွေ့ရတယ်။ လူထုတောင်းဆိုတဲ့ မဟာမိတ်တပ်ပေါင်းစု နာမည်တူတဲ့လှုပ်ရှားမှု အချို့ပေါ်လာတာပဲဖြစ်တယ်။ တနိုင်ငံလုံးက လက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး တညီတညာတည်း မဟာဗျူဟာမြောက်တဲ့ လှုပ်ရှားမှု ဆိုတာကတော့ ပေါ်လာတာမတွေ့သေးပေ။

မဟာမိတ်တပ်ပေါင်းစု တောင်းဆိုသံနဲ့ မရှေးမနှောင်းမှာပဲ မတ်လအတွင်းက တပ်မှူးသင်တန်းအပတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်းပွဲမှာ တနိုင်ငံလုံးကို ထောင်သောင်းချီတဲ့ စစ်သည်တွေနဲ့ စုပေါင်းဆင်နွဲမယ့် “အထွေထွေ ထိုးစစ်ကြီး” ဆင်နွှဲပြီး အာဏာသိမ်းမှုကိုအဆုံးသတ်ရတော့မယ်လို့ ဦးရည်မွန်က သဝဏ်လွှာ ပေးပို့ခဲ့တယ်။

ဓာတ်ပုံ – NUG (ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ မြေပြင်ခရီးစဥ်)။

“ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ် တော်လှန်ရေးအဖွဲ့တွေဟာ ဒီအထွေထွေထိုးစစ်ကြီးအတွက် ပြင်ဆင်ကြိုးပမ်းနေကြတယ် ဆိုတာအသိပေးလိုတယ်” လို့ ဗျူဟာ ၂၉ အပတ်စဉ်(၅) သင်တန်ဆင်းပွဲ မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ထပ်လောင်းပြောကြားခဲ့ပြန်တယ်။ ဦးမင်းကိုနိုင်၊ ဒေါက်တာဇော်ဝေစိုး၊ ဦးနေဘုန်းလတ် တို့ကလည်း အထွေထွေထိုးစစ်လာတော့မယ် ဆိုပြီး မတ်လနောက်ပိုင်းကတည်းက ပြည်သူတွေကိုသတိပေး ခဲ့ပေမယ့် ၅ လခန့်ကြာတဲ့အထိ အကောင်အထည် ပေါ်မလာခဲ့ဘူး။

လားရှိုးမြို့၊ နောင်ချိုမြို့ကိုတော့ စစ်ကောင်စီဘက်က ပြန်အရယူသွားခဲ့တယ်။ ပြည်သူတွေရဲ့ “မဟာမိတ်တပ်ပေါင်းစု” ဆိုတဲ့တောင်းဆိုသံကို “အထွေထွေထိုးစစ်” ဆိုတဲ့ တုန့်ပြန်သံနဲ့ နှစ်သိမ့်ခဲ့ပေမယ့် ၅လ ကြာပြီးတဲ့အထိ တပ်ပေါင်းစုရော အထွေထွေထိုးစစ်ရော အစအနပေါ်မလာတော့ဘူး။ ပြည်သူလူထုမျှော်လင့်သလောက်တော့ တနိုင်ငံလုံးက တော်လှန်ရေးတပ်ဖွဲ့တွေကို တစုတစည်းတည်း စုပေါင်းထားနိုင်ပြီဆိုတဲ့ ဖော်ပြမှုမျိုးတော့ မတွေ့ရသေးဘူး။

အခြားတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့ တဖက်လှည့်ဖော်ပြတဲ့အသွင်နဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်တို့ကတော့ KIA ခေါင်းဆောင်ပိုင်းနဲ့ အတူရှိနေတဲ့ပုံတွေ၊ TNLA ခေါင်းဆောင်ပိုင်းနဲ့အတူရှိနေတဲ့ ပုံတွေဖော်ပြပြီး တပ်ပေါင်းစု ဖွဲ့စည်းနေသယောင်တော့ ဖော်ပြနေတာတွေ့ရတယ်။ ပြည်သူတွေတောင်းဆိုတဲ့ “မဟာမိတ်တပ်ပေါင်းစု” ဆိုတဲ့ တောင်းဆိုသံက ဝန်ကြီးအချို့ရဲ့ဓါတ်ပုံတချို့နဲ့ပဲ ကျေနပ်ရတော့မှာလားလို့ မေးလာသူရှိရင်တော့ ပြည်သူလူထုကိုယ်တိုင်ပဲ ဖြေရမယ့်အဖြေပါပဲ။

နောက်ထပ် တတိယအကြိမ် ပြည်သူတွေရဲ့တောင်းဆိုမှုကတော့ အတော်လေးလဲ ပြင်းထန်ခဲ့တယ်။ “လက်ရှိစုဖွဲ့ထားတဲ့ NUG တော်လှန်ရေးအစိုးရဟာ ဒီပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိ ခေါ်ဆာင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှုစွမ်းရည် ကင်းမဲ့နေတယ်” လို့ လူထုသပိတ် ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ကစတင်ပြီး NUG ကို အကြီးစားပြုပြင်ပြောင်းလဲဖို့ တောင်းဆိုလိုက်တာပဲ။ ဒေါက်တာ တေဇာဆန်းရဲ့ ထောက်ပြသုံးသပ်ချက်တွေက ထောက်ခံအများစုနဲ့ ဝန်ကြီးတွေကြားမှာ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့တယ်။

အပေါ်က ပြောခဲ့သလိုပဲ NUG အပေါ်ဖိအားပေးမှုတွေရောက်လာခဲ့ရင် NUG ကိုထောက်ခံတဲ့ လော်ဘီတွေရဲ့ ချက်ချင်းတုန့်ပြန်တဲ့ အကျင့်အတိုင်း ကိုတေဇာဆန်းအပေါ် တိုက်ခိုက်မှုတွေလုပ်လာတယ်။ မန္တလေး PDF ရဲ့ ထိန်းချုပ်နယ်မြေအတွင်းက ရွှေလုပ်ကွက်တွေရဲ့ အကျိုးအမြတ်က ကိုတေဇာဆန်းနဲ့ ဆက်စပ်နေတယ်ဆိုပြီး အကျိုးအမြတ်အကြောင်းပြ တိုက်ခိုက်လာကြတယ်။ စစ်ကောင်စီ လော်ဘီတွေနဲ့ အတူ NUG ကိုလော်ဘီလုပ်ပေးနေသူ အချို့က ဒေါက်တာတေဇာဆန်းကို အောက်လုံးတွေနဲ့ဝေဖန် တိုက်ခိုက်လာကြတာတွေ့ရပါတယ်။

NUG ပြုပြင်ပြောင်းလဲဖို့ဆိုတာတွေ ဆူဆူညံညံတောင်းဆိုလာသလို တချို့ဝါရင့်နိုင်ငံရေးသမားတွေကလည်း NGU ကို ဖျက်သိမ်းဖို့အထိ တောင်းဆိုလာကြတယ်။ ပြုပြင်ပြောင်းလဲရေးကို လက်ခံပေမယ့် ဖျက်သိမ်းဖို့တော့ မဖြစ်နိုင်ဘူးလို့ ဦးနေဘုန်းလတ် က နွေဦးအသံနဲ့ အင်တာဗျူးမှာ ပြောခဲ့တယ်။
“တရားမဝင်ရွေးကောက်ပွဲ မလုပ်ခင်မှာ ကျနော်တို့ဘက်မှာ အရေးတကြီးလိုအပ်တာကတော့ ကျနော်တို့တွေ NUG ကိုပဲဖြစ်ဖြစ်ပေါ့နော် ဒါမှမဟုတ် ပိုမိုပူးပေါင်းပါဝင်တဲ့ ပြည်ထောင်စုအစိုးရတရပ် ခိုင်ခိုင်မာမာ အားကောင်းကောင်းနဲ့ ပေါ်လာဖို့ဆိုတာ တော်လှန်ရေးအတွက် မဖြစ်မနေအရမ်းအရေးကြီးတယ်” လို့ပြောခဲ့တယ်။

ဖျက်သိမ်းဖို့မဖြစ်နိုင်တဲ့အကြောင်းကို အဓိကပြောသွားပြီး စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ မလုပ်ခင်မှာ ခိုင်ခိုင်မာမာ အားကောင်းကောင်းနဲ့ ပေါ်လာမယ့် ပြည်ထောင်စုအစိုးရတရပ် အရေးတကြီးလိုအပ်နေတယ်လို့ သုံးသပ်ပြောခဲ့တယ်။ ပြုပြင်ဖို့လိုနေတယ်ဆိုတဲ့ ဝေဖန်ချက်တွေကို စစ်ကောင်စီရဲ့ရွေးကောက်ပွဲ မတိုင်ခင် ပြောင်းလဲနိုင်မလားလို့ ပြည်သူလူထုကို မျှော်လင့်စေတယ်။

“ပြည်သူ့နွေဦးတော်လှန်ရေးကို ခရီးဆုံးပန်းတိုင်ထိခေါ်ဆောင်နိုင်ဖို့အတွက် လုံလောက်တဲ့ ခေါင်းဆောင်မှု စွမ်းရည် ကင်းမဲ့နေတယ်” လို့ တိတိကျကျပြတ်ပြတ်သားသား တိုက်တွန်းခဲ့တဲ့ ကိုတေဇာဆန်းရဲ့ တိုက်တွန်းချက်ကို ပြုပြင်ဖို့လိုနေပါတယ်ဆိုတဲ့ လက်ခံတဲ့သဘောက အပေါင်းလက္ခဏာဆောင်တဲ့ သဘောပါ။ သို့ပေမယ့် အပေါ်ကပြောခဲ့တဲ့ အကြောင်းအရာတွေလိုပဲ ပြည်သူတွေကိုနှစ်သိမ့်ရုံလောက် အပြင်ပန်းပြုပြင် ပြရုံလုပ်အုံးမလား ဆိုတာတော့ စောင့်ကြည့်ရုံပါပဲ။

ရန်သူဖြစ်တဲ့ စစ်ကောင်စီကတော့ မရှိတော့တဲ့ စစ်သည်အင်အားကို စစ်မှုထမ်း ဥပဒေနဲ့ အားဖြည့်ခဲ့တယ်။ စစ်မှုထမ်း အပတ်စဉ် ၁၄ ထိ ရောက်လာတာကြောင့် စစ်သည်အင်အား ၇ သောင်းလောက်ထိ အင်အားစု နိုင်နေပြီ။ တနိုင်ငံလုံးကိုလည်း ထောက်ထားခြင်းမရှိတဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေနဲ့ ဖိနှိပ်ထားတယ်။ စစ်ပွဲဒဏ်ကြောင့် ဆောက်တည်ရာမရဖြစ်နေတဲ့ ပြည်သူတွေကို နည်းလမ်းပေါင်းစုံဖိနှိပ်ပြီး တော်လှန်ရေး အဆုံးသတ်ဖို့ ဗျူဟာပေါင်းစုံနဲ့ ဖိနှိပ်နေတယ်။

ဓာတ်ပုံ – NUG (ယာယီသမ္မတ ဒူဝါလရှီးလ ဦးဆောင်သော NUG တာဝန်ရှိသူများ မြေပြင်ခရီးစဥ်)။

စစ်ကောင်စီကတော့ ငလျင်ဘေးနဲ့ နိုင်ငံတကာမှာ မျက်နှာရအောင်ဖန်တီးခဲ့တယ်။ ရွေးကောက်ပွဲလုပ်ဖို့ လက်လွှတ်ထားရတဲ့မြို့တွေကို ထိုးစစ်အပြင်းအထန်နဲ့ အရပြန်ယူနေတယ်။ လားရှိုး၊ နောင်ချို၊ မိုးဗြဲ စတဲ့မြို့တွေ အပြင် မရပ်မနားထိုးစစ်တွေနဲ့ စခန်းအချို့ကို အရယူထားနိုင်နေတယ်။ “စစ်တပ်က တိုက်ပွဲတိုင်းနိုင်နေပြီ၊ တော်လှန်သူတွေက မညီညွတ်ကြတော့ဘူး” ဆိုတဲ့ ဝါဒဖြန့်နည်းတွေနဲ့ တော်လှန်သူတွေကို စိတ်ဓါတ်ကျအောင် ဖန်တီးနေတာကို တွေ့ရှိရပါတယ်။

ရွေးကောက်ခံအစိုးရလို့ လက်ခံထားပြီး တော်လှန်ရေးကိုဦးဆောင်နေတယ်လို့ ခံယူထားတဲ့ NUG အစိုးရ အဖွဲ့ဝင်တွေကတော့ မြေပြင်ဆင်းဖို့ကိုလည်း ဝန်ကြီးအချို့ဓါတ်ပုံလောက်နဲ့ နှစ်သိမ့်ခဲ့တယ်။ တပ်ပေါင်းစု ဆိုတာကိုလည်း ဝန်ကြီးအချို့ EROs ခေါင်းဆောင်တွေနဲ့တွေ့ဆုံတဲ့ ပုံတွေနဲ့ပဲ နှစ်သိမ့်ခဲ့တယ်။ NUG အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာကိုလည်း မရေရာမသေချာသေးတဲ့ တုန့်ပြန်ချက်တွေနဲ့ပဲ အချိန်တွေ ဆွဲဆန့်နေတယ်။ လိုအပ်တဲ့အချိန်မှာ အချိန်ကိုက်ပြုပြင်ပြောင်းလဲမှုတွေမလုပ်နိုင်ပဲ ငါးနှစ်ကျော်ဖြတ်သန်းလာတဲ့အတိုင်း ရပ်တည်နေအုံးမယ်ဆိုရင် “တော်လှန်ရေး သားလျှောနိုင်တယ်” ဆိုတဲ့ ဝေဖန်ချက်တွေကလည်း ဆူညံနေပြီ။

ပြည်သူတွေ ထုတ်တဲ့မေးခွန်းတိုင်းကို “မြွေမသေ တုတ်မကျိုး” အဖြေတွေနဲ့တုန့်ပြန်နေတာလည်း ကြာလာပြီ။ ရှေ့ဆက်မယ့် နိုင်ငံအနာဂတ်ခရီးမှာ သိသာထင်ရှားတဲ့အချိုးအကွေ့မလုပ်နိုင်ပဲ ဖိအားလျော့ရုံ လုပ်ပြနေအုံးမယ်ဆိုရင်တော့ NUG တဖွဲ့လုံးက တော်လှန်ရေးလှိုင်းစီးနေတဲ့ အဖွဲ့အစည်းအဖြစ် သတ်မှတ် ခံရတော့မှာပါ။

#RedNewsAgency #RedNews #RNA

By RNA Editor