လွိုင်ကော်စစ်ကူလာနေသော စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များ လွိုင်လင်းလေးမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေ

RNA_ဇွန် (၁)၊၂၀၂၄ ခုနှစ်။
 
ကရင်နီပြည် လွိုင်ကော်မြို့တွင် စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းတပ်များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်မှ စစ်ကူလာနေသော စစ်ကြောင်းများနှင့်လည်း လွိုင်လင်လေးမြို့နယ်အတွင်း လွန်ခဲ့သည့်တပတ်ကျော်ကတည်းမှ ယနေ့ (ဇွန်လ ၁ ရက်) အထိ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။
 
“စစ်ကောင်စီက အင်အားဖြည့်တာမျိုးတွေ တလျှောက်လုံးလုပ်နေတယ်။ အစောက ပြောသလို လွိုင်လင်းလေးနဲ့ လွိုင်ကော်ကြား တိုက်ပွဲဖြစ်တာက ဆီဆိုင်ဘက်ကနေလာနေတဲ့ စစ်ကြောင်းတွေပေါ့နော်။ အဓိက​တော့ လွိုင်ကော်မြို့ထဲကို အင်အားဖြည့်ချင်တဲ့ ပုံစံမျိုးပေါ့နော် အဲဒီစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်နေတာပေါ့။ လွိုင်လင်လေးဘက်က စစ်ကြောင်းတွေက လွိုင်ကော်မြို့ထဲ ဝင်ချင်နေတာပေါ့” ဟု KNDF ဗဟိုသတင်းပြန်ကြားရေးအဖွဲ့မှ တာဝန်ရှိသူတဦးက Red News Agecny ကိုပြောသည်။

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ် အစပ် လွိုင်လင်လေး- လွိုင်ကော်အကြားနှင့် ဆီဆိုင်မြို့နယ်အတွင်းထိပါ KNDF ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ် အသေအဆုံးများရှိကာ လွိုင်ကော်မြို့အတွင်းသို့ မဝင်နိုင်သေးကြောင်း၊ လွိုင်ကော်မြို့တွင်းလည်း KNDF ပူးပေါင်းတပ် ထိန်းချုပ်နေရာများ ပြန်ပေးရခြင်းမရှိသေးကြောင်း၊ မြို့တွင်း ထိတွေ့တိုက်ပွဲများလည်း နေ့စဉ်နီးပါးဖြစ်ပွားနေသည်ဟု သိရသည်။
 
#RedNewsAgency
By RNA Editor