ပိုင်ရှင်မဲ့ သစ်ကား ဖမ်းမိစဉ် ရဲတပ်သားများကို ရွာသားတဦးက ဓားနှင့် ခုတ်သဖြင့် သေနတ်ပစ် ဖမ်းဆီးခဲ့ရ

ဒီလှိုင်း။ အောင်လံ၊ ဇန်နဝါရီ ၃၀ ရက်။

မကွေးတိုင်းဒေသကြီး၊အောင်လံမြို့နယ်၊ရွှေပန်းတောကျေးရွာအနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့ ညပိုင်းက သစ်ကားဖမ်းဆီးခဲ့တဲ့ရွှေပန်းတောရဲစခန်းက ရဲတပ်ဖွဲ့ဝင်များကို ဒေသခံသရက်ချောင်းကျေးရွာသားတစ်ဦးက ဓားဖြင့် တိုက်ခိုက်ခဲ့တဲ့အတွက်သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးခဲ့ရသည်ဟု မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တိုင်းဦးစီးအရာရှိ ဒုရဲမှူးကြီးတင်မိုးက ပြောပါတယ်။

ပိုင်ရှင်များထွက်ပြေးသွားပြီး ပိုင်ရှင်မဲ့ဖမ်းဆီးရမိတဲ့သစ်တွေကို သက်ဆိုင်ရာသစ်တောဌာနကိုပြန်သယ်ဖို့စောင့်ရှောက်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေကို သရက်ချောင်းကျေးရွာမှ အသက်၃၀ဝန်းကျင်သန်းဇော်ဦးဆို သူကဓားဖြင့်ဝင်ခုတ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်ဖမ်းဆီးမှုဖြစ်စဉ်မှာ ရဲတပ်သားတစ်ဦးဓားဒဏ်ရာရရှိခဲ့ပြီး ဓားဖြင့်ခုတ်သူသန်းဇော်ဦးမှာ ခါးအောက်ပိုင်းဘယ်ညာခြေထောက်နဲ့ပေါင်ကိုသေနတ်ဒဏ်ရာ တစ်ချက်စီ ထိမှန်ခဲ့တဲ့အတွက်ပြည်ဆေးရုံကိုပို့ဆောင်ကုသထားတယ်လို့သိရပါတယ်။

ဖြစ်စဉ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ဖွဲဝင်တွေကို တာဝန်ဝတ္တရားနှောက်ယှက် တိုက်ခိုက်ခဲ့သူသန်းဇော်ဦးကို ရာဇသတ်ကြီးပုဒ်မ(၃၀၇/၃၃၂)ဖြင့် ဇန်နဝါရီ၂၉ရက်နေ့မှာရွှေပန်းတောရဲစခန်းမှာအမှုဖွင့်အရေးယူဆောင်ရွက်ထားတယ်လို့ သိရပါသည်။

Red News Agency

 

By Editor