ကုလသမဂ္ဂစစ်မြေပြင်မှာ စက်တင်ဘာလဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ D-day ဖြစ်ပါတယ်။ အဲဒီ ကုလ သမဂ္ဂစစ်မြေပြင်မှာ ကျနော်တို့ဘက်က အနိုင်ရဖို့ လိုပါတယ်။ ကျနော်တို့ နိုင်မှဖြစ်မှာပါ။
အောင်ဒင် (ဇူလိုင် ၁၊ ၂၀၂၁)
(၁) မြန်မာပြည်သူတွေ မျှော်နေကြတဲ့ D-day
ဇွန်လ ၂၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတစ်ပါးက “မကြာမီမှာ D-day ရောက်ရှိလာမည်ဖြစ်ပါသည်” ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ဖက်ဆစ်စစ်တပ်ကြီးက ရွေးကောက်ခံပြည်သူ့အစိုးရလက်ထဲကနေ နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၅ လလောက်အကြာမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်လို့ အဲဒီ D-day ကို မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာပြည်သူများ ရင်ခုန်ကြ၊ စိတ်လှုပ်ရှားကြမှာပါ။ အဲဒီ D-day ဟာ ဘယ်နေ့မှာ အမှန်တကယ်ရောက်မလာမလဲ ၊ ဘယ်လောက်် ကြာဦးမလဲ ၊ ဘယ်နေ့လဲ ၊ စတာတွေကတော့ လျှို့ဝှက်ချက်ဖြစ်လို့ ပြည်သူတွေ သိနိုင်ကြမှာ မဟုတ်ပါ။
မြန်မာနိုင်ငံကို ဖက်ဆစ်စစ်တပ်ကြီးလက်အောက်က ပြန်လည်ကယ်တင်နိုင်ဖို့ ကြိုးစားကြတဲ့အခါ ပြည်တွင်းလှုပ်ရှားမှုတွေ၊ ပြည်သူများရဲ့ ဆန့်ကျင်တော်လှန်မှုတွေက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအစိုးရတွေက အသိအမှတ်မပြုဖို့၊ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအစိုးရတွေက စီးပွါးရေး၊ နိုင်ငံရေး၊ သံတမန်ရေး ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့၊ မြန်မာစစ်အုပ်စုကို နိုင်ငံတကာက စစ်လက်နက်တွေ မရောင်းချဖို့၊ မထောက်ပံ့ဖို့ စတဲ့ နိုင်ငံတကာအခင်းအကျင်းမှာ စည်းရုံးလှုံ့ဆော်ခြင်းဟာလည်း စစ်အုပ်စုကို အားနည်းထိခိုက်စေပြီး ပြည်တွင်းလှုပ်ရှားမှုကြီးအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်စေပါတယ်။ လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် (Permanent Representative to the United Nations) နေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းသိမ်းထားနိုင်တာမို့ စစ်အုပ်စုရဲ့ တရားဝင်အစိုးရဖြစ်ချင်မှုကို တားဆီးထားနိုင်ပါတယ်။ WHO၊ ILO၊ UNHRC၊ WFP စတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများရဲ့ နှစ်ပါတ်လည်ညီလာခံများမှာ စစ်အုပ်စုကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်မပြုတာဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအခြေအနေက မကြာခင်မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ လာမယ့် စက်တင်ဘာလမှာ ကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ (The 76th UN General Assembly) ကျင်းပတော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာလဆန်းမှာ အဖွဲ့ဝင်နိုင်ငံများအားလုံးကနေ အထွေထွေညီလာခံကို သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ဝင်များရဲ့ အမည်စာရင်း (Credentials) ကို တင်သွင်းရမှာပါ။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခွင့်ကို စစ်အုပ်စုကရော၊ အမျိုးသားညီညွတ်ရေးအစိုးရရော အပြိုင်တင်သွင်းကြမှာပါ။ အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ “အထွေထွေညီလာခံ ကိုယ်စားလှယ်စီစစ်ရေးကော်မတီ” (Credential Committee) က အဲဒီ ကိုယ်စားလှယ်တင်သွင်းလွှာတွေကို စီစစ်ပြီး အကြံပြုချက်များနဲ့အတူ အထွေထွေညီလာခံကို အဆုံးအဖြတ်ပေးဖို့ တင်သွင်းရမှာဖြစ်ပြီး အထွေထွေညီလာခံမှာ နိုင်ငံအများရဲ့ ထောက်ခံမဲရတဲ့ ဘက်က မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ကို ရရှိမှာဖြစ်ပါတယ်။ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က ဒီဇင်ဘာလလောက်မှာမှ ချမှတ်နိုင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်က စစ်အုပ်စုကို အသိအမှတ်ပြုတာ ဖြစ်နိုင်သလို NUG ကို အသိအမှတ်ပြုတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဘက်စလုံးကို အသိအမှတ်မပြုဘဲ နောက်နှစ် ၇၇ ကြိမ်မြောက်ညီလာခံကျမှ ဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းတာလည်း ဖြစ်နိုင်ပါတယ်။
ကုလသမဂ္ဂစစ်မြေပြင်မှာ စက်တင်ဘာလဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ D-day ဖြစ်ပါတယ်။ အဲဒီ ကုလသမဂ္ဂစစ်မြေပြင်မှာ ကျနော်တို့ဘက်က အနိုင်ရဖို့ လိုပါတယ်။ ကျနော်တို့ နိုင်မှဖြစ်မှာပါ။
(၂) နိုင်ရင်ဘာဖြစ်မလဲ၊ ရှုံးရင်ဘာဖြစ်မလဲ
တရားဝင်ကိုယ်စားလှယ်ဖြစ်ခွင့်နဲ့ ပါတ်သက်ပြီး အထွေထွေညီလာခံက အဆုံးအဖြတ်ပေးရာမှာ ဘယ်နိုင်ငံကမှ ဗီတိုအာဏာ သုံးခွင့်မရှိပဲ တစ်နိုင်ငံ မဲတစ်မဲနဲ့ ဆုံးဖြတ်ကြမှာပါ။ ပြီးတော့ အဲဒီ ဆုံးဖြတ်ချက်ကို အဖွဲ့ဝင်နိုင်ငံများအားလုံးနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအားလုံးက လက်ခံရမှာပါ။ ဒါကြောင့် ကျနော်တို့ဘက်က နိုင်ရင် ရရှိမယ့် အကျိုးကျေးဇူးတွေက အလွန်ကြီးမားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကုလသမဂ္ဂက အသိအမှတ်ပြုတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်လာပါမယ်။ စစ်အုပ်စုဟာ လက်နက်ကိုင် သောင်းကျန်းသူတွေ ဖြစ်သွားပါလိမ့်မယ်။ နယူးယောက်မြို့တော်က ကုလသမဂ္ဂဋ္ဌာနချုပ်တင်မကဘူး၊ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာ၊ ဩစတြီးယားနိုင်ငံ ဗီယင်နာ စတဲ့ ကုလသမဂ္ဂအဖွဲ့အစည်းများရဲ့ ဋ္ဌာနချုပ်များ ရုံးထိုင်ရာနိုင်ငံတွေမှာလည်း စစ်အုပ်စုသစ္စာခံ သံတမန်တွေကို ဖယ်ရှားပြီး NUG က ခန့်အပ်တဲ့ သံတမန်တွေက နေရာယူနိုင်မှာပါ။ အာဆီယံအဖွဲ့တောင်မှ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမြို့တော်မှာရှိတဲ့ ရုံးချုပ်မှာ NUG ရဲ့ သံအမတ်ကြီးကို မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် လက်ခံရမှာပါ။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ မြို့တော်တွေမှာလည်း စစ်အုပ်စုရဲ့ သံတမန်တွေကို ဖယ်ရှားပြီး NUG ရဲ့ သံတမန်တွေကိုသာ လက်ခံအသိအမှတ်ပြုကြမှာပါ။
ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများအားလုံးကလည်း မြန်မာပြည်သူတွေကို ကူညီထောက်ပံ့ရေးနဲ့ ပါတ်သက်ပြီး NUG နဲ့ပဲ ပူးပေါင်းဆောင်ရွက်ကြပါလိမ့်မယ်။ NUG အနေနဲ့ နိုင်ငံတကာ တရားရုံးချုပ် (ICJ)၊ နိုင်ငံတကာရာဇဝတ်မှုများဆိုင်ရာတရားရုံး (ICC) တို့မှာ မင်းအောင်လှိုင်ဖက်ဆစ်အုပ်စုကို လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု (Crimes against Humanity) တွေနဲ့ အရေးယူဖို့ တရားဝင် ဆောင်ရွက်နိုင်မှာပါ။
ကျနော်တို့ဘက်က ရှုံးပြီး စစ်အုပ်စုက နိုင်သွားရင်တော့ ဆန့်ကျင်ဘက်အကျိုးဆက်တွေကို ကျနော်တို့ ခံစားရမှာပါ။ စစ်အုပ်စုဟာ ကုလသမဂ္ဂအဖွဲ့ကြီးက အသိအမှတ်ပြုတဲ့ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရဖြစ်လာမယ်။ အဖွဲ့ဝင်နိုင်ငံများအားလုံးနဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းအားလုံးဟာ စစ်အုပ်စုကို မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြု ဆက်ဆံရတော့မယ်။ NUG ဟာ အစိုးရကို ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတစ်ခုအဆင့် ရောက်သွားမယ်။ စစ်အုပ်စုဟာ ပိုပြီး အားကောင်း၊ မောက်မာ၊ ရက်စက်လာမယ်။ နိုင်ငံတကာအစိုးရတွေရဲ့ သံတမန်ရေး၊ စီးပွါးရေး၊ ပိတ်ဆို့အရေးယူမှုတွေ ၊ ပြစ်တင်ရှုံ့ချမှုတွေ ဆက်လက်ရှိနေမှာ ဖြစ်ပေမယ့် စစ်အုပ်စုရဲ့ တရားဝင်ဖြစ်မှု (De Jure government) ကိုတော့ ငြင်းဆန်နိုင်ကြမှာ မဟုတ်ပါ။
နှစ်ဘက်စလုံးအတွက် ထောက်ခံမဲအရေအတွက်တွေ ညီမျှနေလို့ ဘယ်ဘက်ကိုမှ အသိအမှတ်မပြုပဲ နောက်တစ်နှစ်ညီလာခံကို ရွှေ့ဆိုင်းတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒီလိုဆိုရင် အခု NUG က နယူးယောက်၊ ကုလသမဂ္ဂဋ္ဌာနချုပ်မှာ ထိန်းသိမ်းထားနိုင်တဲ့ အမြဲတမ်းကိုယ်စားလှယ်နေရာကို လက်လွှတ်ရမှာဖြစ်ပါတယ်။ အဲဒီနေရာအပါအဝင် မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးရာထူးတွေ၊ သံရုံးအဖွဲ့ဝင်နေရာတွေမှာ NUG ရော၊ စစ်အုပ်စုရော ဘယ်ဘက်ကမှ ခန့်အပ်ခွင့်မရှိပဲ လစ်လပ်ထားရမှာပါ။ ပြီးတော့မှ နောက်နှစ်ညီလာခံမှာ ဒီစစ်ပွဲကို ဆက်တိုက်ရမှာပါ။ နှစ်ဘက်စလုံး ရှုံးတယ်လို့ ဆိုနိုင်ပါတယ်။
(၃) စိန်ခေါ်မှုများ
ဇွန်လ ၁၈ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံကနေ မြန်မာစစ်အုပ်စုကို ပြစ်တင်ဝေဘန်ရှုံ့ချပြီး ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်ရက်စက်မှုတွေကို ရပ်တန့်ဖို့၊ ရွေးကောက်ပွဲနိုင်အစိုးရကို အာဏာပြန်လွှဲပေးဖို့၊ နိုင်ငံတကာအစိုးရတွေက မြန်မာနိုင်ငံကို လက်နက်ရောင်းချတာ ရပ်တန့်ဖို့ စတဲ့ တောင်းဆိုချက်တွေပါဝင်တဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပါတယ် (A/75/L.85/Rev.1)။ ထောက်ခံမဲ ၁၁၉၊ ကန့်ကွက်မဲ ၁၊ ကြားနေမဲ ၃၇၊ မဲပေးရန်ပျက်ကွက် ၃၆ နဲ့ အတည်ပြုခဲ့တာပါ။ ဒီမဲရလဒ်ကို ကြည့်ပြီး အထွေထွေညီလာခံကိုယ်စားလှယ်ပြုခွင့် မဲခွဲရင် ငါတို့ဘက်က နိုင်မှာပါလို့ ထင်ရင် မှားပါလိမ့်မယ်။ မလွယ်လှပါ။
ကုလသမဂ္ဂရဲ့ သမိုင်းမှာ ရှိခဲ့တဲ့ မှတ်တမ်းများအရ အဖွဲ့ဝင်နိုင်ငံများဟာ နိုင်ငံတစ်ခုရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထောက်ခံမဲပေးဖို့ လွယ်ကူပေမယ့် နိုင်ငံတစ်ခုရဲ့ ကိုယ်စားလှယ်တင်သွင်းတာကို ငြင်းဆန်ဖို့အတွက်တော့ အလွယ်တကူ မထောက်ခံကြပါ။ သက်ဆိုင်ရာနိုင်ငံနဲ့ စီးပွါးရေးပါတ်သက်မှုတွေ၊ အကျိုးစီးပွါးတွေရှိနေတဲ့ နိုင်ငံတွေက လက်ရှိအာဏာရှိတဲ့ အုပ်စုကိုပဲ ထောက်ခံတတ်ကြပါတယ်။ အများစုကတော့ ဒီလို ပြဿနာမျိုးမှာ ဝင်မပါချင်ကြတဲ့အတွက် လွယ်လွယ်ကူကူပဲ ကြားနေကြ၊ မဲပေးဖို့ ပျက်ကွက်တတ်ကြပါတယ်။ ဒါကြောင့်မို့ မြန်မာနိုင်ငံရဲ့ တရားဝင်ကိုယ်စားလှယ်အဖြစ်အသိအမှတ်ပြုရေး မဲခွဲရင် ကြားနေမဲတွေ၊ ပျက်ကွက်မဲတွေက ပိုပြီး များလာနိုင်ပါတယ်။ ဇွန်လ ၁၈ ရက်နေ့က ထောက်ခံမဲပေးခဲ့ကြတဲ့ နိုင်ငံအချို့က ကြားနေမဲ၊ ပျက်ကွက်မဲဘက်ကို ပြောင်းကြပြီး စစ်အုပ်စုကို ထောက်ခံတဲ့ဘက်မှာ မဲအရေအတွက် ပိုလာနိုင်စရာအကြောင်းရှိပါတယ်။
အဓိကကျတဲ့ စိန်ခေါ်မှုများကို အောက်ပါအတိုင်း ရှင်းပြချင်ပါတယ်။
(က) ကုလသမဂ္ဂအထွေထွေညီလာခံရဲ့ ကိုယ်စားလှယ်စီစစ်ရေးကော်မတီကို စက်တင်ဘာလဆန်းမှာ ရွေးချယ်ပါတယ်။ အဖွဲ့ဝင် ၉ နိုင်ငံကို အထွေထွေညီလာခံ ဥက္ကဋ္ဌရဲ့ အဆိုပြုတင်သွင်းမှုနဲ့ အဖွဲ့ဝင်နိုင်ငံများက မဲပေးဆုံးဖြတ်တယ်ဆိုပေမယ့် နှစ်တိုင်း၊ နှစ်တိုင်းမှာ အမေရိကန်၊ တရုတ်နဲ့ ရုရှားနိုင်ငံတွေက အဖွဲ့ဝင်အဖြစ် ရွေးချယ်ခံရတတ်ပါတယ်။ ဒါကြောင့် အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ ကော်မတီမှာ အမေရိကန်ဦးဆောင်ပြီး NUG ကို ထောက်ခံတဲ့ အုပ်စုနဲ့ တရုတ်နဲ့ ရုရှားဦးဆောင်ပြီး စစ်အုပ်စုကို ထောက်ခံတဲ့အုပ်စုဆိုပြီး ၂ ဖွဲ့ကွဲမှာ သေချာသလောက် ရှိပါတယ်။ ဒီအုပ်စု ၂ စုက သူတို့ ကြိုက်တဲ့ဘက်ကို အတည်ပြုပေးဖို့ အထွေထွေညီလာခံကို အပြိုင်တင်သွင်းကြမှာမို့ အကြံပြုချက် ၂ ခု အားပြိုင်ကြရမှာ ဖြစ်ပါတယ်။ ပုံမှန်အားဖြင့် ကော်မတီရဲ့ အကြံပြုချက်ကို ညီလာခံက ကန့်ကွက်သူမရှိ အတည်ပြုတတ်ကြပေမယ့် ကော်မတီရဲ့ အကြံပြုချက်က ၂ ခုဖြစ်နေတဲ့အခါမှာ အဖွဲ့ဝင်နိုင်ငံများအဖို့ ဘယ်အကြံပြုချက်ကို ထောက်ခံရမလဲဆိုတာ အကြီးအကျယ်စဉ်းစားစရာ ဖြစ်လာပါလိမ့်မယ်။
(ခ) ကော်မတီရဲ့ အကြံပြုချက်တွေကို အခြေခံပြီး ဘယ်အဖွဲ့က မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ရှိသလဲ ဆိုတာကို ကုလသမဂ္ဂအထွေထွေညီလာခံက မဲခွဲဆုံးဖြတ်ကြမှာပါ။ အဖွဲ့ဝင် ၁၉၃ နိုင်ငံရဲ့ မဲပေးမှုတွေက ဇွန်လ ၁၈ ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ကို မဲပေးခဲ့ကြတာနဲ့ မတူနိုင်ပါ။ ဇွန်လ ၁၈ ရက်နေ့မှာ ထောက်ခံမဲပေးခဲ့တဲ့ ၁၁၉ နိုင်ငံထဲက နိုင်ငံအများအပြားဟာ၊ အထူးသဖြင့် အင်ဒိုနီးရှား၊ အစ္စရေး၊ ဂျပန်၊ ကူဝိတ်၊ မလေးရှား၊ မက္ကစီကို၊ အိုမန်၊ ဖိလစ်ပိုင်၊ ကိုရီးယား၊ စင်္ကာပူ၊ တောင်အာဖရိက၊ ဗီယက်နန်တို့ဟာ စစ်အုပ်စုကို ထောက်ခံတဲ့ဘက်၊ ဒါမှမဟုတ် ကြားနေတဲ့ဘက်ကို ပြောင်းသွားနိုင်ပါတယ်။ အဲဒီ နိုင်ငံတွေအားလုံးမှာ မြန်မာနိုင်ငံအတွင်း အကျိုးစီးပွါးတွေရှိနေတာရယ်၊ အသွင်တူ၊ အုပ်စုတူနိုင်ငံတွေ ဖြစ်နေတာရယ်၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ရင်းနှီးကျွမ်းဝင်ကြတာရယ်၊ စစ်အုပ်စုကို ဆွေးနွေးညှိနှိုင်းရမယ်ဆိုတဲ့ အတွေးအခေါ်တွေ ရှိနေကြတာရယ်ကြောင့်ပါ။
(ဂ) ဇွန်လ ၁၈ ရက်နေ့မှာ ကြားနေခဲ့တဲ့ ၃၆ နိုင်ငံထဲမှာလည်း စစ်အုပ်စုကို ထောက်ခံတဲ့ဘက်ကို တချို့ပြောင်းသွားနိုင်ပါတယ်။ အဲဒီထဲမှာ အယ်ဂျီးရီးယား၊ ဘာရိန်း၊ ဘူတန်၊ ဘရူနိုင်း၊ ကမ်ဘောဒီးယား၊ တရုတ်၊ ကျူးဘား၊ အီဂျစ်၊ အိန္ဒိယ၊ အီရန်၊ လာအို၊ လစ်ဗျား၊ မာလီ၊ မွန်ဂိုလီးယား၊ နီပေါ၊ ပါကစ္စတန်၊ ရုရှား၊ သီရိလင်္ကာ၊ ဆီးရီးယား၊ ထိုင်း၊ အရှေ့တီမော၊ ယူဂန်ဓာ၊ ယူအေအီး၊ ဗင်နီဇွဲလား၊ ယီမင်၊ ဇင်ဘွာဘွေ တို့ပါနိုင်ပါတယ်။ သူတို့ စစ်အုပ်စုကို ထောက်ခံနိုင်တဲ့အကြောင်းက တချို့က အာဆီယံအဖွဲ့ဝင်နိုင်ငံချင်းဖြစ်လို့၊ တချို့က တရုတ်နဲ့ ရုရှားရဲ့ ဩဇာသက်ရောက်ရာ နိုင်ငံများဖြစ်လို့၊ တချို့က အမေရိကန်ကို ဆန့်ကျင်လို့၊ တချို့က မြန်မာစစ်အုပ်စုနဲ့ ဘဝတူဖြစ်နေလို့ပါ။ တချို့က စစ်အုပ်စုကို ထောက်ခံတဲ့ဘက် မပြောင်းတောင်မှ ကြားနေ သို့မဟုတ် ပျက်ကွက်မဲ ပေးကြမှာပါ။
(ဃ) ဇွန်လ ၁၈ ရက်နေ့မှာ မဲပေးဖို့ ပျက်ကွက်ခဲ့တဲ့ ၃၇ နိုင်ငံရှိပါတယ်။ အဲဒီမဲတွေလည်း ပြောင်းပါလိမ့်မယ်။ တချို့က စစ်အုပ်စုကို ထောက်ခံကြပါလိမ့်မယ်။ အထူးသဖြင့် မြောက်ကိုရီးယား၊ ကွန်ဂို၊ ဂျော်ဒန်၊ ကင်ညာ၊ ကိုင်ယာဇက်စတန်၊ နိုက်ကာရာဂွါ၊ တာဂျစ်ကစ်စတန် စတဲ့နိုင်ငံတွေပါ။ သူတို့ရဲ့ အကြောင်းပြချက်က အမေရိကန်နဲ့ အနောက်အုပ်စုကို မုန်းလို့၊ တရုတ်နဲ့ ရုရှားရဲ့ ဩဇာခံနိုင်ငံတွေ ဖြစ်လို့ပဲ ဖြစ်ပါလိမ့်မယ်။ ကျန်တဲ့ နိုင်ငံတွေကလည်း ကြားနေနဲ့ ပျက်ကွက်မဲစာရင်းထဲမှာပဲ ရှိကြပါလိမ့်မယ်။
(င) အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း အထွေထွေညီလာခံမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်ကို မဲခွဲရွေးချယ်ကြတဲ့အခါ ကြားနေမယ့်နိုင်ငံတွေ၊ မဲပေးဖို့ ပျက်ကွက်မယ့် နိုင်ငံတွေ ပိုများပါလိမ့်မယ်။ ဇွန်လ ၁၈ ရက် ဆုံးဖြတ်ချက်ကို ကန့်ကွက်မဲပေးခဲ့တာ ဘယ်လားရုစ် တစ်နိုင်ငံထဲ ရှိခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ တရုတ်နဲ့ ရုရှားအပါအဝင် သူတို့ ဩဇာသက်ရောက်တဲ့ နိုင်ငံတွေ၊ အမေရိကန်နဲ့ အနောက်အုပ်စုကို ဆန့်ကျင်တဲ့ နိုင်ငံတွေ၊ မြန်မာစစ်အုပ်စုနဲ့ ဘဝတူနိုင်ငံတွေက မြန်မာစစ်အုပ်စုဘက်က ထောက်ခံမဲ ပေးကြမယ့် အလားအလာရှိနေပါတယ်။ NUG ဘက်က ထောက်ခံမဲတွေဟာ ဇွန်လ ၁၈ ရက်နေ့ကထက် နည်းနိုင်ပါတယ်။
(စ) ၂၀၂၁ ခုနှစ်၊ ဇွန်လထဲမှာ ဒင်ဗာတက္ကသိုလ် (University of Denver) နဲ့ အတ္တလန်တိတ်ကောင်စီ (The Atlantic Council) တို့ပူးတွဲရေးသားတဲ့ “ကမ္ဘာလုံးဆိုင်ရာ ဩဇာလွှမ်းမိုးရေး တရုတ်နင့်အမေရိကန် ပြိုင်ဆိုင်မှု” (China-US Competition Measuring Global Influence) အစီရင်ခံစာကို ထုတ်ပြန်ပါတယ်။ အဲဒီအစီရင်ခံစာပါ တိုင်းတာချက်များအရ အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာ့နိုင်ငံပေါင်း ၅၀ ကျော်မှာ ဩဇာသက်ရောက်မှုရှိနေပြီး တရုတ်နိုင်ငံက အရှေ့တောင်အာရှနဲ့ ဆပ်-ဆာဟာရ အာဖရိကနိုင်ငံများပါဝင်တဲ့ နိုင်ငံပေါင်း ၃၄ နိုင်ငံအပေါ်မှာ ဩဇာသက်ရောက်မှု ရှိနေပါတယ်။ ဂျာမဏီနိုင်ငံက အနောက်နဲ့ ဗဟိုဥရောပနိုင်ငံများအပေါ်မှာ ဩဇာသက်ရောက်မှုကြီးမားပြီး ပြင်သစ်နိုင်ငံက အာဖရိကနိုင်ငံအတော်များများအပေါ်မှာ ဩဇာကြီးတယ်လို့ ဆိုပါတယ်။ ရုရှားနိုင်ငံဟာလည်း စီးပွါးရေး၊ စစ်ရေးအင်အားကြီးတဲ့ ဗီတိုအာဏာပိုင် နိုင်ငံတစ်ခုဖြစ်တာကြောင့် သူ့ရဲ့ ဩဇာသက်ရောက်မှုဟာလည်း အတိုင်းအတာတစ်ခုထိ ကြီးမားမှာပါ။ ဒီကမ္ဘာ့နိုင်ငံကြီးများရဲ့ အပြိုင်အဆိုင် ဩဇာတည်ဆောက်မှုနဲ့ ဩဇာသက်ရောက်မှုဟာလည်း မြန်မာ့အရေး အထွေထွေညီလာခံမှာ မဲခွဲကြတဲ့အခါ အရှုံးအနိုင် အဆုံးအဖြတ်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။
(၄) D-Days ကို ဘယ်လို အနိုင်တိုက်မလဲ
မြန်မာစစ်အုပ်စုဟာ သူတို့ ရွေးချယ်စရာ မဟုတ်။ NUG ကိုသာ သူတို့ ရွေးချယ်ထောက်ခံ အသိအမှတ်ပြုရမှာ ဆိုတာကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက လက်ခံနိုင်အောင် စည်းရုံးနိုင်မှ ကျနော်တို့ အနိုင်ရမှာပါ။ ဒီနေရာမှာ အထူးသတိပြုရမှာက ကုလသမဂ္ဂဋ္ဌာနချုပ်တည်ရှိရာ နယူးယောက်မြို့တော်မှာ အဖွဲ့ဝင်နိုင်ငံတိုင်းက အမြဲတမ်းကိုယ်စားလှယ်တွေ (သံအမတ်ကြီးတွေ) အချိန်ပြည့်ရှိနေကြပေမယ့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကို အဲဒီ သံအမတ်ကြီးတွေရဲ့ ကိုယ်ပိုင်ဆန္ဒနဲ့ ဆုံးဖြတ်ကြတာ မဟုတ်ပါ။ သက်ဆိုင်ရာနိုင်ငံများရဲ့ အစိုးရများက ဆုံးဖြတ်ပြီး ဘယ်လို မဲပေးရမလဲဆိုတာကို သူတို့ရဲ့ သက်ဆိုင်ရာ သံအမတ်ကြီးများကို တိုက်ရိုက်ညွှန်ကြားကြတာပါ။ ဒါကြောင့်မို့ ကျနော်တို့ဘက်ကို စာနာစိတ်ရှိတဲ့၊ ထောက်ခံတဲ့ နိုင်ငံများရဲ့ အစိုးရများကို တိုက်ရိုက်ဆက်သွယ်၍ဖြစ်စေ၊ သက်ဆိုင်ရာ လွှတ်တော်များကို ချဉ်းကပ်၍ဖြစ်စေ၊ သက်ဆိုင်ရာနိုင်ငံမှာ ဩဇာကြီးမားတဲ့ အရပ်ဘက်အဖွဲ့အစည်းများ၊ အလုပ်သမားသမဂ္ဂများကဖြစ်စေ၊ မြန်မာအသိုင်းအဝိုင်းများကဖြစ်စေ စည်းရုံးသင့်ပါတယ်။ ပြီးတော့ အမေရိကန်အစိုးရ၊ ဥရောပသမဂ္ဂနိုင်ငံများနဲ့ ကနေဒါ၊ ဩစတြေးလျ၊ နယူးဇီလန်၊ အင်္ဂလန်၊ ဆွစ်ဇာလန်၊ စတဲ့ ကမ္ဘာ့ ဒီမိုကရေစီနိုင်ငံများရဲ့ ထောက်ခံမှုကို ပိုပြီး သေချာအောင်ကြိုးစားသင့်ပါတယ်။ အဲဒီ ဒီမိုကရေစီနိုင်ငံတွေအားလုံးမှာ သူတို့နဲ့ ရင်းနှီးမှုခိုင်မာတဲ့၊ သူတို့ရဲ့ ဩဇာသက်ရောက်မှုကြီးမားတဲ့ မဟာမိတ်နိုင်ငံများ ကိုယ်စီရှိကြတာပါ။
မြန်မာနိုင်ငံတွင်းက ဒီဒေး (D-Day) နဲ့ ကုလသမဂ္ဂစစ်မြေပြင်က ဒီဒေး (D-Day) တို့ဟာ တိုက်ရိုက် ဆက်စပ်နေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ဒီမိုကရေစီလိုလားတဲ့ ပြည်သူတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ တော်လှန်ရေးအင်အားစုတွေက မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်က မြန်မာနိုင်ငံကို အုပ်ချုပ်နိုင်စွမ်းမရှိအောင် ထိထိရောက်ရောက် ဆက်လက်ဆန့်ကျင် တော်လှန်နိုင်မှ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာပြည်သူများ ထောက်ခံတဲ့ အစိုးရဖြစ်တယ်ဆိုတာ သက်သေပြနိုင်မှ၊ အမျိုးသားညီညွတ်ရေးအစိုးရဟာ မြန်မာနိုင်ငံကို အမှန်တကယ် ညီညွတ်တဲ့၊ တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးတွေရစေမယ့်၊ လူမျိုး၊ ဘာသာ၊ ကျား၊ မ၊ တတိယဂျင်ဒါ၊ ဘယ်နေရာမှာမှ ခွဲခြားဆက်ဆံမှုမရှိစေတဲ့ နိုင်ငံတော်သစ်အဖြစ် တည်ထောင်နိုင်စွမ်းရှိတယ်ဆိုတာကို သက်သေပြနိုင်မှသာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ နိုင်ငံအများရဲ့ ထောက်ခံမှုကို ရရှိပြီး မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုခံရမှာပါ။
ကျနော်တို့ နိုင်မှဖြစ်မှာပါ။
Red News Agency