RNA- ဩဂုတ် ၂ ရက်။
ယောနယ်အတွင်း အာဏာသိမ်း စစ်အုပ်စုနှင့် အပေါင်းအပါများကို လက်နက်ကိုင်တိုက်နေသည့် လူငယ်များအကြား ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲတွင် ယောနယ်က အနိုင်ရရှိသည့် NLD လွှတ်တော်ကိုယ်စားလှယ်တချို့က သွေးခွဲစည်းရုံးမှု ပြုလုပ်နေသည်ဟု ယောနယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Yaw Defense Force – YDF )က
ယနေ့ ( ဩဂုတ်လ ၂ ရက်) တွင် ထုတ်ပြန်ထားသည်။
” ယောဒေသ နှင့် မြန်မာပြည်ဒေသတချို့တွင် မိမိလူမျိုး မိမိဒေသအမည်ဖြင့် ဖွဲ့စည်းတည်ထောင်ခဲ့သော Yaw Defense Force – YDF အမည်ကို ပယ်ဖျက်ခြင်း သို့မဟုတ် စိတ်ဝမ်းခွဲကာ NUG တရားဝင် ဖွဲ့စည်းထားသော PDF အမည်သုံးမှသာ တရားဝင်ငွေကြေး၊ လက်နက်ထောက်ပံ့ တပ်ဆင်ပေးမည်ဆိုသည့် မဟုတ်မမှန်သည့်လုပ်ရပ်ကို ၂၀၂၀ ခုနှစ် ရွေးကောက်ခံ ယောဒေသ လွှတ်တော်ကိုယ်စားလှယ်တချို့မှ ၎င်းတို့ အာဏာတည်မြဲရေးအတွက် ယောလူငယ်တချို့ကို မက်လုံးပေး သွေးခွဲစည်းရုံးလှုံ့ဆော်မှုများ ပြုလုပ်နေသည်ကို စိတ်မကောင်းစွာ မြင်တွေ့ သိရှိနေရသဖြင့် ထိုသို့ လုပ်ဆောင်နေသော ပါတီ၊ လူအုပ်စု နှင့် လူပုဂ္ဂိုလ်များကို ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်သွားမည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်” ဟု YDF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
Yaw Defense Force – YDF ကို ၂၀၂၁ ခုနှစ် မေလ (၁၂) ရက်နေ့တွင် National Unity Government (NUG) နှင့် သက်ဆိုင်ရာ အဖွဲ့အစည်း ဦးဆောင်မှုကို ပံ့ပိုးကူညီရန် စုစည်းတည်ထောင်ခဲ့ကြောင်း၊ YDF သည် PDF ( Tamu/TSG ) နှင့်လည်း ပူးပေါင်း လုပ်ဆောင်မှုများရှိကြောင်း၊ ယခုအခြေအနေတွင် PDF ( Tamu/TSG ) က YDF နှင့်အတူ ရပ်တည်မည်ဖြစ်ကြောင်း ကြေညာထားသည်။
YDF သည် စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးအတွက်သာ ဦးတည်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ နိုင်ငံရေးအာဏာနေရာရရေး နှင့် မည်သည့်နိုင်ငံရေးပါတီအတွက် တိုက်ပွဲဝင်နေခြင်း မဟုတ်ဘဲ NUG ၏ တိုက်ပွဲခေါ်သံနဲ့အတူ ပြည်သူ့တော်လှန်ရေးပြီးဆုံးသည်အထိ တိုက်ပွဲဝင်သွားရန်သာဖြစ်ပြီး စစ်မှန်သောပြည်သူ့အစိုးရပေါ်ပေါက်ရေးအတွက် ဖွဲစည်းထားသောလက်နက်ကိုင်အဖွဲ့အစည်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
RedNewsAgency

Leave a Reply