တော်လှန်ရေးဆိုတာ အာဏာရှင်ဖြုတ်ချခြင်းထက် ပိုပါတယ်

Photo : BLDF

ကျော်ကြီး


လူတစ်ယောက်ဟာ မွန်းကြပ်နေတဲ့ နေ့စဉ်ဘဝထဲမှာ အသက်ရှင်နေရတဲ့အခါ အမှန်တရားတစ်ခုတည်းကို ဖက်တွယ်ပြီး ရှင်သန်နေလို့ မရပါဘူး။ အဆမတန် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းကြားက စားဝတ်နေရေး၊ ပခုံးပေါ်က မိသားစုတာဝန်၊ မသေချာတဲ့ အနာဂတ်၊ အချိန်မရွေး ဖမ်းဆီးခံရနိုင်တဲ့ ကြောက်ရွံ့မှုနဲ့ ပင်ပန်းနွမ်းနယ်မှုတွေကြားမှာ… လူသားတွေဟာ ကိုယ်ရနိုင်သမျှ ထွက်ပေါက်တွေကို ရှာဖွေတတ်ကြပါတယ်။ အဲဒီထွက်ပေါက်ဟာ တစ်ခါတလေမှာ ခဏတာ မေ့ပျောက်ခွင့်ရမယ့် ဖျော်ဖြေရေး ဖြစ်နိုင်သလို၊ တစ်ခါတလေမှာလည်း အိပ်မက်အသေးစားလေးတွေ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒီအချက်ကို နားမလည်ဘဲ “ဘာ့ကြောင့် လူတွေ တော်လှန်ရေးကို စိတ်မဝင်စားတော့တာလဲ” လို့သာ အပေါ်ယံ ကောက်ချက်ချနေမယ်ဆိုရင် ပြဿနာရဲ့ တစ်ဝက်ကိုပဲ မြင်နေရဦးမှာပါ။ မြန်မာပြည်သူတွေဟာ လွတ်လပ်မှုရဲ့ တန်ဖိုးကို မသိတဲ့သူတွေ မဟုတ်ပါဘူး။ လွတ်လပ်ရေးရဖို့အတွက် တိုက်ယူခဲ့ကြတာဟာ လွတ်လပ်မှုရဲ့ တန်ဖိုးကို သိလို့ပါ။ လွတ်လပ်ရေးရပြီးနောက် ၁၉၆၂ စစ်အာဏာသိမ်းမှု ဆန့်ကျင်ပွဲတွေ၊ ဦးသန့်အရေးအခင်းအပါအဝင် ၁၉၈၈ ခုနှစ်မှာလည်း တစ်နိုင်ငံလုံး လမ်းပေါ်ထွက်ခဲ့ကြတယ်။ သွေးတွေနဲ့ ပေးဆပ်ခဲ့တယ်။ ခေတ်အဆက်ဆက်မှာ စစ်အာဏာရှင်ကို လူထုအနေနဲ့ကော ဒါမှမဟုတ် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ကော စဉ်ဆက်မပြတ် တိုက်ပွဲဝင်ခဲ့ကြတာဖြစ်ပါတယ်။ ဒါဟာ လွတ်လပ်မှုရဲ့တန်ဖိုးကို သိလို့သာဖြစ်ပါတယ်။

အခုဆိုရင် တစ်နိုင်ငံလုံး ဆင်နွှဲခဲ့တဲ့ ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီးဟာဆိုရင် (၃၈) နှစ်မြောက်ဖြစ်ပါတယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံတိုက်ပွဲမှာ အသက်သွေးချွေးတွေ ပေးဆပ်ခဲ့ကြတာဆိုရင်လည်း လွတ်လပ်မှုရဲ့တန်ဖိုးကို လိုချင်တောင်းတလွန်းလို့ဖြစ်တယ်။ ရှစ်လေးလုံး လူထုအရေးတော်ပုံဆိုတာ မြန်မာနိုင်ငံမှာ ၁၉၆၂ ခုနှစ် ကနေ ၁၉၈၈ ခုနှစ်အထိ (၂၆) နှစ်တာ သက်ဆိုးရှည်ခဲ့တဲ့ စစ်အာဏာရှင်နေဝင်းကို ဖြုတ်ချခဲ့ကြတယ်။

ရှစ်လေးလုံး လူထုအရေးတော်ပုံကာလအတွင်းမှာပဲ နေဝင်း၊ စိန်လွင်၊ ဒေါက်တာမောင်မောင်တို့ကို လပိုင်းအတွင်း ဖြုတ်ချနိုင်ခဲ့တယ်။ အဲဒီနောက်မှာတော့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဆိုပြီး ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးစောမောင်ကနေ ဒုတိယဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီး သန်းရွှေ လက်ထဲကို ၁၉၉၂ ခုနှစ် ဧပြီလ ၂၃ ရက်နေ့မှာ အာဏာအပြောင်းအလဲ လုပ်ခဲ့ကြပြီးတဲ့နောက် ဒီကနေ့အထိ နေဝင်းမှသည် သန်းရွှေမျိုးဆက်ဖြစ်တဲ့ မင်းအောင်လှိုင်ဟာ ဆက်လက်ရှင်သန်နေဆဲ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ကိုလည်း ပြည်သူတွေဟာ လွတ်လပ်မှုအတွက် ဒီမိုကရေစီရေးအတွက် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်သွေးချွေး ပေးဆပ်ပြီး တော်လှန်ရေးကြဆဲ ဖြစ်ပါတယ်။

၁၉၆၂ ခုနှစ်က စတင်လိုက်တဲ့ စစ်အာဏာရှင်နေဝင်းကို ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက် ကျောင်းသားအရေးတော်ပုံ၊ ၁၉၆၇ ခုနှစ်မှာ စစ်တွေ ဆန်ပြဿနာ၊ ၁၉၇၄ ခုနှစ်မှာ အလုပ်သမားသပိတ်၊ အဲဒီ ၇၄ ခုနှစ်ထဲမှာပဲ ဦးသန့်အရေးအခင်း၊ ၁၉၇၆ ခုနှစ်မှာ မှိုင်းရာပြည့် ဒီလို စစ်အာဏာရှင် ဆန့်ကျင်ရေး အရေးတော်ပုံတွေဟာ ဆက်တိုက်ဖြစ်ပေါ်ခဲ့တာဖြစ်တယ်။ ဒီမိုကရေစီရေး လူ့အခွင့်အရေးအတွက် အရေးတော်ပုံတွေ အရေးအခင်းမှာ ပြည်သူတွေဟာ သေဆုံးရ ဖမ်းဆီးခံရ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရပါပဲ။ ၁၉၇၆ ခုနှစ် မှိုင်းရာပြည့်ပြီးနောက်မှာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီး ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ အဲဒီနောက် ၁၉၉၆ ခုနှစ် ဒီဇင်ဘာလမှာ ကျောင်းသားအရေးအခင်း၊ ၂၀၀၃ ဒီပဲယင်းအရေးအခင်း၊ ၂၀၀၇ မှာ ရွှေဝါရောင် တော်လှန်ရေးအပြင် ၂၀၁၅ ဒီမိုကရေစီပညာရေးသပိတ်ဆိုတဲ့ ဒီမိုကရေစီရေး လူ့အခွင့်အရေး ဆင့်ကဲဖြစ်ပေါ်လာခဲ့တဲ့ တော်လှန်ရေးပါပဲ။

၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးမှာတော့ မျိုးဆက်တစ်ခုလုံးက ဘဝတွေ၊ အနာဂတ်တွေကို စွန့်လွှတ်ပြီး ရုန်းကန်ခဲ့ကြတယ်။ ဒါပေမယ့် ဒီတိုက်ပွဲဟာ ကျွန်တော်တို့ ထင်ထားတာထက် ပိုမို ရှည်လျားနေဆဲ ဖြစ်ပါတယ်။ ဒီတော့ ၅ နှစ်ကျော်ကြာလာတဲ့ အချိန်မှာ လူထုရဲ့ စိတ်ဝင်စားမှုတွေ ပြောင်းလဲလာတာ၊ ဖျော်ဖြေရေးကို ပြန်လည်ရှာဖွေလာတာ၊ နေ့စဉ်ဘဝထဲမှာ သက်သာရာရှာလာတာတွေကို “တော်လှန်ရေးအပေါ် သစ္စာဖောက်မှု” အဖြစ်သာ မြင်မယ်ဆိုရင် လူသားသဘာဝကို လုံးဝနားမလည်ရာ ရောက်သွားနိုင်ပါတယ်။ ခေတ်တိုင်း အရေးတော်ပုံတိုင်း တော်လှန်ရေးတိုင်းမှာ ပေးဆပ်စွန့်လွှတ်ခဲ့ရတာတွေ များပေမဲ့ ဟောဒီနွေဦးတော်လှန်ရေးဟာတော့ စွန့်လွှတ်စွန့်စားရတာများလွန်းတဲ့ လက်နက်ကိုင်တော်လှန်ရေးဖြစ်ပါတယ်။

ပြည်သူတစ်ရပ်လုံးသာ မပါခဲ့ရင် နွေဦးတော်လှန်ရေး လက်နက်ကိုင်တော်လှန်ရေးဆိုတာ ပေါ်ပေါက်လာစရာအကြောင်းမရှိပါဘူး ဒါကို အထူးသတိချပ်ဖို့ လိုပါတယ်။ အခုဆိုရင် (၅) နှစ်တာ ကာလကိုကျော်လွန်လာတဲ့ ပြည်သူတွေဟာလည်း ရှင်သန်ရုန်းကန်ရမှုတွေဟာ ၂၀၂၁ ကာလကလိုတော့ မဟုတ်တာ သေချာနေပါပြီ။ မြို့သိမ်းတိုက်ပွဲတွေ ရှင်သန်နေချိန်တုန်းက ပြည်သူတွေရဲ့ စိတ်ခံစားချက်နဲ့ မြို့တွေ တစ်မြို့ပြီးတစ်မြို့ လက်လွှတ်ရတဲ့ အခြေအနေမှာ ပြည်သူတွေရဲ့ စိတ်ခံစားချက်ဟာလည်း ထပ်တူမဖြစ်နိုင်တော့ပါဘူး။

စိတ်ပညာရှင် ဗစ်တာဖရန့်ကယ်လ် (Viktor Frankl) က Man’s Search for Meaning (ဘာသာပြန်-မြူရိပ်) စာအုပ်ထဲမှာ လူသားတွေဟာ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို လိုအပ်သလို မျှော်လင့်ချက်ကိုလည်း အသက်တမျှ လိုအပ်တယ်လို့ ဆိုခဲ့ပါတယ်။ လက်တွေ့ကျတဲ့ မျှော်လင့်ချက်မရှိတဲ့ တိုက်ပွဲဟာ ရေရှည်မှာ လူတွေကို ပင်ပန်းနွမ်းနယ်စေတတ်ပါတယ်။ ဒါကြောင့် ဒီနေ့ တော်လှန်ရေးအတွက် အရေးကြီးဆုံး မေးခွန်းတစ်ခုက “ပြည်သူတွေ ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ” ဆိုတာထက် “ပြည်သူတွေအတွက် ဘယ်လို မျှော်လင့်ချက်အသစ်တွေကို လက်တွေ့ကျကျ အကောင်ထည်ဖော် တည်ဆောက်ပေးနိုင်မလဲ” ဆိုတာသာ ဖြစ်လာပါတယ်။ အခု ကြုံတွေ့နေရတဲ့ လက်နက်ကိုင်တော်လှန်ရေး အခြေအနေမှာတော့ ပြည်သူတွေအတွက် ဘယ်လိုမျှော်လင့်ချက်တွေ ရှိသေးလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါပြီ။

အခြားတစ်ဖက်မှာလည်း စစ်အုပ်စုဟာ ပြောင်းလဲလာတဲ့ အခြေအနေတွေနဲ့အတူ ပိုမိုရှုပ်ထွေးတဲ့ ထိန်းချုပ်မှုနည်းလမ်းတွေကို အသုံးပြုလာတာ တွေ့ရပါတယ်။ သူတို့ဟာ ပြည်သူလူထုအပေါ် အကြမ်းဖက်မှုတစ်ခုတည်းကိုပဲ အားမကိုးတော့ဘဲ ပုံမှန်အခြေအနေတွေ ပြန်လည်ရောက်ရှိနေသလိုလို ဖြစ်အောင် ရပ်ဝန်းမျိုးစုံကနေ ဖန်တီးပုံဖော်လာနေပါတယ်။ ပွဲလမ်းသဘင် ဖျော်ဖြေရေးတွေနဲ့ လူထုအာရုံကို လမ်းကြောင်းပြောင်းလာတယ်။ လူထုအကြားမှာ “ဒီလောက်ဆို တော်ပါပြီ၊ ဒီလောက်ဆို လုံလောက်ပါပြီလေ” ဆိုတဲ့ ခံစားချက်တွေ ပေါ်ပေါက်လာအောင် စနစ်တကျ တွန်းပို့လာနေပါတယ်။ အီတလီ တွေးခေါ်ပညာရှင် အန်တိုနီယို ဂရမ်ချီ ပြောခဲ့တဲ့ “Hegemony (ဩဇာလွှမ်းမိုးမှု)” ဆိုတာက ဒီနေရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍ ဖြစ်လာပါတယ်။

အုပ်စိုးမှုဆိုတာ အကြမ်းဖက်မှု သက်သက်နဲ့ တည်တံ့တာ မဟုတ်ပါဘူး။ လူတွေက သူတို့ရဲ့ အုပ်ချုပ်မှုကို သဘာဝကျတယ်လို့ လက်ခံလာအောင်၊ ပုံမှန်လို့ မြင်လာအောင်၊ အခြားရွေးချယ်စရာ မရှိတော့ဘူးလို့ ယုံကြည်လာအောင် ဖန်တီးနိုင်မှသာ ရေရှည်တည်တံ့နိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေအတွက် ပြည်သူကိုသာ လက်ညှိုးထိုး အပြစ်တင်နေလို့တော့ မရပါဘူး။ တော်လှန်ရေးဘက်မှာလည်း ရဲရဲဝံ့ဝံ့ ပြန်လည်သုံးသပ်ဖို့ လိုအပ်ချက်တွေ ရှိနေပါတယ်။

တခါတရံမှာ ကျွန်တော်တို့ရဲ့ အပြောအဆိုတွေက လက်တွေ့ထက် ရှေ့ရောက်လွန်းနေခဲ့တာ၊ မျှော်လင့်ချက်တွေကို အချိန်တိုအတွင်း အလွန်အကျွံ ပေးခဲ့မိတာ၊ ပြည်သူတွေရဲ့ နေ့စဉ်ဘဝ အခက်အခဲတွေအပေါ် လုံလောက်စွာ နားမလည်နိုင်ခဲ့တာနဲ့ လူထုကို ချဉ်းကပ်ပုံတွေမှာ အားနည်းချက်ရှိခဲ့တာတွေကို ရိုးရိုးသားသား ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ (၅) နှစ်တာ ကာလအတွင်းမှာ တော်လှန်ရေး ဘယ်လောက်အောင်မြင်ခဲ့ပြီလဲ။ ပြည်သူတွေကို ဘယ်လောက် ကာကွယ်ပေးနိုင်ခဲ့ပြီလဲ။ ပြည်သူတွေ လိုလားတောင်းတခဲ့တဲ့ လူ့အခွင့်အရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ ဒီမိုကရေစီရေးတွေမှာ ဘယ်လောက်အာမခံချက်ရှိနေပြီလဲဆိုတာ ပြန်လည်သုံးသပ်ကြဖို့ လိုပါတယ်။

ဒဿနပညာရှင် အဲလ်ဘတ်ကမူးက လူသားဘဝရဲ့ အဓိပ္ပာယ်မဲ့မှုကို လက်ခံခဲ့ပေမယ့် အရှုံးပေးဖို့တော့ ဘယ်တော့မှ မတိုက်တွန်းခဲ့ပါဘူး။ ဆစ်ဆစ်ဖတ်စ် (Sisyphus) ဟာ ကျောက်တုံးကြီးကို တောင်ပေါ်သို့ အမြဲပြန်တွန်းတင်နေရသလိုပဲ၊ လူသားတွေဟာ အဓိပ္ပာယ်မဲ့မှုတွေ ကြားထဲကနေ ကိုယ့်ယုံကြည်ရာ အဓိပ္ပာယ်ကို ကိုယ်တိုင် ပြန်လည်တည်ဆောက်ကြရတယ်လို့ ဆိုခဲ့ပါတယ်။ မြန်မာ့တော်လှန်ရေးကလည်း ဒီလိုပါပဲ။ တော်လှန်ရေးဆိုတာ စစ်အုပ်စုကို ဖြုတ်ချဖို့သက်သက် မဟုတ်ပါဘူး။ မြန်မာပြည်သားတိုင်းရဲ့ မွေးရာပါ ဂုဏ်သိက္ခာနဲ့ လွတ်လပ်ခွင့်ကို ရရှိစေဖို့ ဖြစ်ပါတယ်။ ကြောက်ရွံ့မှုနဲ့ မတရားမှုတွေကို လျှော့ချပေးဖို့ ဖြစ်ပါတယ်။ လူတစ်ယောက်ရဲ့ တန်ဖိုးကို အာဏာ၊ ငွေကြေး၊ လူမျိုး၊ ဘာသာတွေနဲ့ ခွဲခြားမတိုင်းတာတော့တဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်ဖို့ ဖြစ်ပါတယ်။

တော်လှန်ရေးတွေကနေ လူတွေကို လောဘ၊ ဒေါသ၊ မောဟတွေ လုံးဝမရှိတဲ့ ပြီးပြည့်စုံတဲ့ ဘဝ တွေဖြစ်အောင် လုပ်ပေးနိုင်မှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီအရာတွေကို ပိုမိုကြီးထွားလာစေတဲ့ ဆင်းရဲမှု၊ မတရားဖိနှိပ်မှုနဲ့ ကြောက်ရွံ့မှုတွေကို လျှော့ချပေးနိုင်တဲ့ “စနစ်ကောင်းတစ်ခု” ကိုတော့ ကျွန်တော်တို့ တည်ဆောက်ခွင့် ရနိုင်ပါတယ်။ ဒီနေ့ ပြည်သူတွေ လိုအပ်နေတာက “သည်းခံပါ” ဆိုတဲ့ စကားထက် ပိုပါတယ်။ “မကြာခင် ပြီးတော့မယ်” ဆိုတဲ့ လေထဲက ကတိတွေထက် ပိုပါတယ်။ သူတို့ လိုအပ်နေတာက “ခင်ဗျားတို့ လိုချင်တဲ့ ဘဝက ဒါမဟုတ်လား” ဆိုပြီး လက်တွေ့ကျကျ သက်သေပြနိုင်မယ့် မျှော်လင့်ချက်အသစ်တစ်ခု ဖြစ်ပါတယ်။

လွတ်လပ်စွာ ပြောဆိုနိုင်တဲ့ ဘဝ။ ကြောက်ရွံ့မှုနည်းတဲ့ ဘဝ။ အလုပ်လုပ်ရင် စားဝတ်နေရေး အဆင်ပြေတဲ့ ဘဝ။ ကလေးတွေ လွတ်လပ်စွာ တွေးခေါ်မေးခွန်းထုတ်နိုင်တဲ့ ပညာရေးကို သင်ယူခွင့် ရှိတဲ့ ဘဝ။ လူသားတစ်ယောက်အဖြစ်၊ မြန်မာနိုင်ငံသားတယောက်အဖြစ် ဂုဏ်သိက္ခာရှိရှိနဲ့ ရှင်သန်နိုင်တဲ့ ဘဝ။ ဒီလိုဘဝတွေ ရနိုင်တဲ့ အခြေအနေ၊ ရနိုင်တဲ့အနေအထားကို ရှိနေတဲ့ နေရာ၊ ဖြစ်နိုင်တဲ့ နေရာက အကောင်ထည်ဖော် ပြသပေးနေဖို့လည်း လိုပါတယ်။ ဒီမိုကရေစီဆိုတာ ရွေးကောက်ပွဲတစ်ခုတည်းကို ခေါ်တာ မဟုတ်ပါဘူး။ အဲဒီလို ဘဝမျိုးကို တည်ဆောက်ဖို့ အသုံးပြုတဲ့ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာ အာဏာရှင်ကို ဖြုတ်ချခြင်းထက် အများကြီး ပိုပါတယ်။ တော်လှန်ရေးတွေဟာ လူတွေကို ပိုမိုလူသားဆန်စွာ ရှင်သန်နိုင်ဖို့ ကြိုးစားရုန်းကန်ရခြင်းမျိုး ဖြစ်ပါတယ်။

ဆိုရရင်တော့ ဒီလမ်းခရီးဟာ ရှည်လျားနိုင်ပါတယ်။ အောင်မြင်မှုတွေ၊ စိတ်ပျက်စရာတွေ အများကြီး ကြုံရနိုင်ပါတယ်။ ဒါပေမယ့် လူသားတွေဟာ အဓိပ္ပာယ်မဲ့မှုတွေကြားထဲကနေ အဓိပ္ပာယ်ကို ရှာဖွေနိုင်သရွေ့ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို မျှော်လင့်နိုင်သရွေ့ တော်လှန်ရေးဟာ လူထုကြားမှာ ပြီးဆုံးပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး။ အဆုံးသတ်ညွှန်းဆိုရရင်တော့ တော်လှန်ရေးဆိုတာ ကျွန်တော်တို့ ဘာကို ဖျက်ဆီးချင်တာလဲ ဆိုတာထက် “ကျွန်တော်တို့ ဘာကို တည်ဆောက်ချင်တာလဲ” ဆိုတဲ့ မေးခွန်းကို ဖြေဆိုတဲ့ လုပ်ငန်းစဉ်တစ်ခု ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။ ။

Red News Agency

By RNA Editor