စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီ

RNA_နိုဝင်ဘာ(၁)၊၂၀၂၄ ခုနှစ်။

အာဏာကိုမတရားနည်းဖြင့် ရယူထားသော စစ်အာဏာရှင်များ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီဟု ABSDF ဥက္ကဌ ရဲဘော်သံခဲက ပြောကြားသည်။

ဖက်ဒရယ်စနစ်ကို ပုံဖော်မည့် ပြည်ထောင်စုသစ်တခု တည် ဆောက်ရေးဆိုသည့် နိုင်ငံရေးရည်မှန်းချက်ကို ရောက်ရန် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး အင်အားစုများအကြား ဘုံသဘောထားများ ချမှတ်ပြီး လက်တွေ့ အတူတကွ လက်တွဲတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစား သွားကြရမည် စသဖြင့် ယနေ့ (နိုဝင်ဘာလ ၁ ရက်နေ့) တွင်ကျရောက်သော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့် အထိမ်းအမှတ် ရဲဘော်ထုသို့ ပေးပို့သည့် ရဒဘော်သံခဲ၏ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားသည်။

“စစ်အာဏာသိမ်းတာကို ဆန့်ကျင်တော်လှန်မှုက အစပြုခဲ့တဲ့ နွေဦးတော်လှန်ရေးဟာ အခုဆို ၃ နှစ်ကျော် ၄ နှစ်ထဲ ရောက်ခဲ့ပြီ။ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကြားကပဲ လူထုရဲ့ ဘက်ပေါင်းစုံ အုံကြွတော်လှန်မှုတွေဟာ ခုတော့ ရရာလက်နက် စွဲကိုင်တော်လှန်တဲ့အဆင့်ထိ ရောက်လာခဲ့ပြီဖြစ်တယ်။ အာဏာကို မတရားနည်းနဲ့ ရယူထားတဲ့ စစ်အာဏာရှင်တွေဟာ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး မျက်နှာစာ အားလုံးမှာ အရှုံးဘက်က ရင်ဆိုင်နေရပြီ။ နိုင်ငံရဲ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးဆိုတဲ့ မဏ္ဍိုင် ၃ ရပ်စလုံး ယိုယွင်းပြိုကျနေပြီ” ဟု ရဲဘော်သံခဲက ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး မကဒတ ( ကျောင်းသားတပ်မတော်) အနေဖြင့် နွေဦးတော်လှန်ရေးတွင် စစ်ကြောင်းများထပ်မံတိုးချဲ့ဖွဲ့စည်းကာ အညာဒေသအပါအဝင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ကချင်ပြည်နယ် စသည်တို့တွင် လက်နက်ကိုင်တိုက်ပွဲ ဆင်နွှဲနေကြောင်း တွေ့ရှိရသည်။

#RedNewsAgency #RNA #RedNews

By Editor