လောဘနှင့် အကျပ်အတည်းကြားက ထောင်ချောက်

Anna_RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။

အရှေ့တောင်အာရှဒေသတွင်း နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတစ်ခုအဖြစ် အမြစ်တွယ်နေသည့် အွန်လိုင်း ငွေလိမ်ဂိုဏ်း “ကျားဖြန့်” လုပ်ငန်းများသည် ပုံစံအမျိုးမျိုး ပြောင်းလဲကာ ဆက်လက်ကြီးထွားနေဆဲဖြစ်သည်။ မကြာသေးမီက ထိုင်း-မြန်မာနယ်စပ်တွင် သက်ကြီးရွယ်အိုများနှင့် ပြည်ပရောက် ရွှေ့ပြောင်း အလုပ်လက်မဲ့များကို အဓိက ပစ်မှတ်ထားလာသည့် လုပ်ငန်းတစ်ခုမှာ Creative Plus Group (CPG) အမည်ခံ အွန်လိုင်းလိမ်လည်မှု လုပ်ငန်းပင်ဖြစ်သည်။

ဖုန်းတစ်လုံးရှိရုံဖြင့် အိမ်မှာနေရင်း ဗီဒီယိုကြည့်ကာ ဝင်ငွေရှာနိုင်သည်ဆိုသော ဆွဲဆောင်မှုနောက်ကွယ်တွင် လူအများအပြားသည် စုဆောင်းထားသမျှ ငွေကြေးများ ဆုံးရှုံးကာ အကြွေးနွံနစ်သည့် အခြေအနေသို့ ရောက်ရှိနေကြသည်။ ထိုင်း-မြန်မာ နယ်စပ်မှ မြန်မာရွေ့ပြောင်းများအပါအဝင် ထိုင်းနိုင်ငံသားများကိုလည်း ပစ်မှတ်ထားပြီး လိမ်လည်မှုများပြုလုပ်သွားသည်။ ထိုအလိမ်ခံရသူများထဲတွင် ထိုင်းရဲများ ပါရှိသည်ဟုလည်း သိရသည်။

Creative Plus Group (CPG) ရုံးခွဲကို ထိုင်းမြန်မာနယ်စပ် တာ့ခရိုင် ဖုတ်ဖရမှာ ရုံးခွဲတစ်ခု ထားရှိခဲ့ပါသည်။ မဲဆောက်ရောက် မြန်မာများနှင့် ထိုင်းနိုင်ငံသားများကိုယ်တိုင် သွားရောက်ကြသည်။ ရုံးမှတစ်ဆင့် မန်နေဂျာဆိုသူကို Line Account မှတစ်ဆင့် ဆက်သွယ်ကာ ငွေသွင်း ငွေထုတ် အကောင့်ဖွင့်ခြင်းများကို စတင်လုပ်ဆောင်နေကြရသည်။

အလွယ်တကူ ငွေရမည်ဆိုသော သွေးဆောင်မှု (Task Scam)
****************************************

ထိုင်းနိုင်ငံသို့ မိသားစုလိုက် ပြောင်းရွှေ့လာပြီး အိမ်ရှင်မအဖြစ်သာ နေထိုင်သည့် မသီသီ (အမည်လွှဲ) သည် သူမ၏ အမျိုးသားမှတစ်ဆင့် CPG အကြောင်း သိရှိခဲ့သည်။ CPG မှ ချပေးသော လင့်ခ် (Link) ထဲသို့ဝင်၍ ကြော်ငြာဗီဒီယိုတိုလေးများ ကြည့်ရုံဖြင့် ငွေရမည်ဆိုသော မျှော်လင့်ချက်ဖြင့် သူမကဲ့သို့ အလွယ်တကူ ဝင်ငွေရှာလိုသူ များစွာမှာ ဤထောင်ချောက်ထဲသို့ ဝင်ရောက်ခဲ့ကြသည်။

CPG ၏ လုပ်ငန်းစဉ်မှာ နိုင်ငံတကာတွင် နာမည်ကြီးနေသည့် “အလုပ်လုပ်ယောင်ပြ လိမ်လည်မှု (Task Scam)” အမျိုးအစားဖြစ်သည်။ သူတို့ကြည့်ရန် ပို့ပေးသည့် ဗီဒီယို ၁၅ ခုခန့်မှာ နာရီ၊ စလင်းဘတ်အိတ်နှင့် အလှကုန် ကြော်ငြာများဖြစ်ပြီး တစ်ပုဒ်လျှင် ၁၀ စက္ကန့်မျှသာ ကြာမြင့်သည်။ သို့သော် ထိုဗီဒီယိုများ ကြည့်ခွင့်ရရန်နှင့် ငွေရရန်အတွက် ကြိုတင်၍ “အကောင့်ဝယ်ယူခြင်း” ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရသည်။

ပိရမစ်ပုံစံ ကွန်ရက်နှင့် အကောင့်အဆင့်သတ်မှတ်ချက်များ (Ponzi Scheme)
*****************************************

CPG တွင် G1 မှ G9 အထိ အဖွဲ့ဝင်အဆင့် ၉ ဆင့် ခွဲခြားထားသည်။ အဆင့်မြင့်လေ၊ ရင်းနှီးရသည့် ငွေပမာဏ များလေဖြစ်ပြီး ပြန်ရမည့် အမြတ်ငွေလည်း ပိုများမည်ဟု မက်လုံးပေးထားသည်။

G1 အကောင့် – ၁,၃၀၀ ဘတ်

G2 အကောင့် – ၄,၀၀၀ ဘတ်

G3 အကောင့် – ၁၂,၀၀၀ ဘတ်

G9 အကောင့် (အမြင့်ဆုံး) – ဘတ် သိန်း ၃၀ အထိ ပေါက်ဈေးရှိသည်။

မသီသီသည် ဘတ် ၁၂,၀၀၀ တန်ဖိုးရှိ G3 အကောင့်ကို ဝယ်ယူခဲ့သည်။ ငွေပေးချေရာတွင် တစ်ကြိမ်တည်း ပေးချေရခြင်းမဟုတ်ဘဲ နေရာ ၃ ခုခွဲ၍ ဘတ် ၄,၀၀၀ စီ သုံးကြိမ် ပေးသွင်းခဲ့ရသည်။ G3 အကောင့်ပိုင်ရှင်တစ်ဦးသည် တစ်နေ့လျှင် ၁၀ စက္ကန့်စာ ဗီဒီယို ၁၅ ခု ကြည့်ရုံဖြင့် ၃၉၀ ဘတ် ရရှိမည်ဟု ကတိပေးထားသည်။ တစ်လလျှင် ရုံးပိတ်ရက်များ ဖယ်ပါက ပျမ်းမျှ ၁၅ ရက်ခန့် လုပ်ကိုင်ခွင့်ရပြီး ဘတ် ၄,၅၀၀ ခန့် ပြန်လည်ရရှိမည်ဟု တွက်ချက်ပြထားသည်။

ထို့အပြင် ဤလုပ်ငန်းသည် လူသစ်စုဆောင်းပါက အကျိုးအမြတ် ခွဲဝေပေးသည့် ပိရမစ်ပုံစံ (Pyramid Scheme) ကို အသက်သွင်းထားသည်။ G3 အဖွဲ့ဝင်တစ်ဦးကို စည်းရုံးနိုင်ပါက ကော်မရှင် ဘတ် ၄,၅၀၀ (နောက်ပိုင်းတွင် ၆,၀၀၀ ဘတ်အထိ တိုးမြှင့်ပေးသည်)၊ G2 အဖွဲ့ဝင်တစ်ဦးကို ခေါ်နိုင်ပါက ဘတ် ၁,၈၀၀ ရရှိမည်ဟု မက်လုံးပေးထားသည်။ အဖွဲ့ဝင် ၆ ဦးကို ရှာဖွေပေးနိုင်ပါက ရာထူးတိုးသည့်အနေဖြင့် လစဉ်ကြေး ဘတ် ၁,၀၀၀ အပိုပေးသည့်အပြင် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင်ပါ အလုပ်လုပ်ခွင့် (ဗီဒီယိုကြည့်ခွင့်) ပေးမည်ဟု ဆွဲဆောင်ထားသည်။

တစ်ချို့သော သူများသည် မိမိကိုယ်တိုင်လည်း G1၊ G2၊ G3 အကောင့်များ ဝင်ထားပြီး ပိုက်ဆံရှာသလို အပိုဝင်ငွေ ထပ်မံရရှိရန် လူသစ်စုဆောင်းမှုများလည်း ရှိသည်။ ယခု ကျားဖြန့်အဖွဲ့က ငွေများ အကုန်လိမ်ယူသွားသောအခါ လူသစ်စုဆောင်းသူများ ပြဿနာရှာခံနေရသည်ဟုလည်း ကြားသိနေရသည်။ ကျားဖြန့်မှန်း သိရဲ့နှင့် ငွေရလိုဇောဖြင့် လူသစ်စုဆောင်းသူများလည်းရှိသည်။

အဆမတန် အတိုးနှုန်းနှင့် ငွေထုတ်မရသည့် ထောင်ချောက်
***********************************************

CPG သည် အဖွဲ့ဝင်များ၏ လောဘကို ထပ်မံဆွဲဆောင်ရန် ကုမ္ပဏီသို့ ငွေချေးပါက အဆမတန် အတိုးပေးမည့် အစီအစဉ်ကိုလည်း ဖန်တီးထားသည်။ ဥပမာ – အဖွဲ့ဝင်ထံမှ ဘတ် ၄,၀၀၀ ချေးပါက ၆ ရက်အကြာတွင် အတိုး၊ အရင်းပေါင်း ၄,၂၉၃ ဘတ် ပြန်ပေးမည်ဟုဆိုကာ အချို့ကို ၄၈.၅၆% အထိ အတိုးနှုန်း ပေးထားကြောင်း သိရသည်။

သို့သော် အဖွဲ့ဝင်များအနေဖြင့် အမှန်တကယ် ငွေထုတ်ယူလိုသည့်အခါ (ဥပမာ – ဘတ် ၄,၅၀၀ ပြည့်၍ ထုတ်ယူရာတွင်) ကုမ္ပဏီက ဝန်ဆောင်ခအဖြစ် ၁၀ ရာခိုင်နှုန်းကိုလည်းကောင်း၊ ဒေါ်လာမှ ဘတ်သို့ ငွေလဲလှယ်နှုန်းအဖြစ် ၂ ရာခိုင်နှုန်းကိုလည်းကောင်း ဖြတ်တောက်လိုက်သဖြင့် အမှန်တကယ် လက်ဝယ်ရရှိသည့် ငွေမှာ ၃,၉၆၀ ဘတ်သာ ဖြစ်သည်။

ငွေသွင်း၊ ငွေထုတ် လုပ်ငန်းစဉ်များတွင်လည်း ထိုင်းဘဏ်အကောင့်များသာမက မြန်မာနိုင်ငံသားများအတွက် NUG Pay, KPay, Wave Pay စသည့် ငွေပေးချေမှုစနစ်များကိုပါ အသုံးပြုကာ ငွေကြေးလွှဲပြောင်းမှုများကို ခြေရာခံရ ခက်ခဲအောင် ဖန်တီးထားသည်။ ဆက်သွယ်ရေးကိုလည်း Line Application တစ်ခုတည်းမှသာ ပြုလုပ်ပြီး မန်နေဂျာဆိုသူနှင့်သာ တိုက်ရိုက် စာပို့ဆက်သွယ်ရသည်။

ထပ်ဆင့်လိမ်လည်မှု (Advance-Fee Scam) နှင့် ဘဝများပျက်စီးရခြင်း
************************************************************

အစပိုင်းတွင် ယုံကြည်မှုရစေရန် ငွေမှန်မှန် ပြန်ထုတ်ပေးလေ့ရှိသော်လည်း၊ နောက်ပိုင်းတွင် တစ်ပတ်လျှင် ၅ ရက် ဆော့ခွင့်ပေးရာမှ ၄ ရက်၊ ၃ ရက် စသည်ဖြင့် လျှော့ချလာသည်။ ငွေထုတ်မည့်သူ များပြားလာသည့်အချိန် (သို့မဟုတ်) ကုမ္ပဏီက ငွေအလုံအလောက် ရရှိသွားသည့်အချိန်တွင် အဖွဲ့ဝင်များ၏ အကောင့်များကို ရုတ်တရက် ပိတ်ပစ်လိုက်တော့သည်။

“အကောင့်ထဲမှာ ဘတ် ၁ သောင်းကျော် ကျန်သေးတယ်။ အကောင့်ပိတ်သွားလို့ မန်နေဂျာကို သွားပြောတော့ အကောင့်ပြန်ဖွင့်ချင်ရင် နောက်ထပ် ၃,၈၄၀ ဘတ် ပြန်သွင်းမှရမယ်လို့ စာပို့တယ်” ဟု မသီသီက ပြောသည်။

ဤသည်မှာ လိမ်လည်သူများ၏ နောက်ဆုံးအဆင့် ထပ်ဆင့်လိမ်လည်မှုဖြစ်သည်။ တောင်းဆိုသည့်ငွေကို ထပ်ပေးလိုက်လျှင်လည်း ခဏသာ အကောင့်ပြန်ပွင့်ပြီး အပြီးတိုင် ပိတ်သွားလေ့ရှိသည်။ လက်ရှိတွင် လူခေါ်နိုင်ပါက အပိုဆုကြေးရမည်ကို မျှော်ကိုး၍ အခြားသူများထံမှ ငွေချေးကာ အကောင့် ၂ ခု၊ ၃ ခုအထိ ဝယ်ယူထားသူများ၊ ငွေတစ်ခါမျှ ပြန်မထုတ်ရသေးဘဲ အကောင့်ထဲတွင် ငွေများစွာ ပိတ်မိနေသူ အများအပြားမှာ အကြွေးပတ်လည်ဝိုင်းကာ အခက်အခဲ ကြီးစွာနှင့် ရင်ဆိုင်နေရသည်။

သတိပြုရမည့် အချက်များ (Red Flags)
*********************************

ယခု CPG ဖြစ်စဉ်သည် အွန်လိုင်းလိမ်လည်မှုများ၏ ဂန္ထဝင်ပုံစံဖြစ်ပြီး အောက်ပါအချက်များကို တွေ့ရှိပါက လိမ်လည်မှု (Scam) ဖြစ်ကြောင်း အတိအကျ မှတ်ယူနိုင်ပါသည် –

အလုပ်လုပ်ရန် ငွေကြိုသွင်းရခြင်း: အမှန်တကယ် အလုပ်အကိုင်များသည် သင့်ထံမှ အကောင့်ကြေး၊ ဝင်ကြေး တောင်းခံလေ့ မရှိပါ။

အလွန်လွယ်ကူပြီး ဝင်ငွေများလွန်းနေခြင်း: ဗီဒီယို ၁၀ စက္ကန့်ကြည့်ရုံဖြင့် နေ့စဉ်ဝင်ငွေ အမြောက်အမြားရရန် မဖြစ်နိုင်ပါ။

လူသစ်စုဆောင်းခိုင်းခြင်း: မိမိဝင်ငွေတိုးရန် အခြားသူများကို ဖိတ်ခေါ်ခိုင်းခြင်းသည် ပိရမစ်ပုံစံ လိမ်လည်မှုများ၏ အဓိကလက္ခဏာ ဖြစ်သည်။

ငွေထုတ်ရန် အခက်အခဲရှိခြင်း: ကိုယ်ပိုင်ငွေကို ပြန်ထုတ်ရန်အတွက် အခွန်၊ ဝန်ဆောင်ခ သို့မဟုတ် အကောင့်ဖွင့်ကြေး (Unlock fee) ထပ်မံပေးသွင်းခိုင်းခြင်းသည် ၁၀၀ ရာခိုင်နှုန်း လိမ်လည်မှုဖြစ်သည်။

ယခုဆိုလျှင် ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းကြော်ညာကြည့်ယုံဖြင့် ပိုက်ဆံဝင်သည်ဆိုသည့် CPG အဖွဲ့ဝင်များ အလိမ်ခံလုက်ရပြီဖြစ်သည်။ မစားရက် အသုံးရက် စုဆောင်းထားတဲ့ ငွေများ ဆုံးရှုံးသွားကြရပြီဖြစ်သည်။ ယခင်ဆက်သွယ်ခဲ့သော မန်နေဂျာဆိုသူနှင့် ဖုတ်ဖရမှ ရုံးသည် မရှိတော့ပြီ။ လူသစ်စုဆောင်းသူများကို အုပ်စုဖွဲ့တိုင်ဖို့ လုပ်နေကြသည်ကိုပင် တွေ့ရှိရသည်။ ထိုင်း-မြန်မာနယ်စပ်မှ မြန်မာအသိုင်းအဝန်းတွင် CPG နည်းတူ PGM ဆိုသည့် ကျားဖြန့်ကလည်း ငွေလိမ်သွားသည့်အတွက် ပြဿနာများ တက်နေသည်ကို တွေ့ရသည်။ မြန်မာများတင်မဟုတ် ထိုင်းနိုင်ငံသားများလည်း အလိမ်ခံလိုက်ရခြင်းဖြစ်သည်။

ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ ထုတ်ပြန်ချက်များအရ အရှေ့အာရှနှင့် အရှေ့တောင်အာရှ ဒေသတွင်း အွန်လိုင်းလိမ်လည်မှုများကြောင့် နှစ်စဉ် ဒေါ်လာ ဘီလီယံနှင့်ချီ၍ ဆုံးရှုံးနေရကြောင်း ခန့်မှန်းထားသည်။ မြေပြင်တွင် အဆောက်အအုံဖြင့် ရုံးခန်းဖွင့်ထားရုံမျှဖြင့်၊ နာမည်ကြီး Application များကို အသုံးပြုထားရုံမျှဖြင့် လုပ်ငန်းတစ်ခုသည် တရားဝင်သည်၊ ယုံကြည်စိတ်ချရသည်ဟု မဆိုနိုင်ကြောင်း CPG လိမ်လည်မှုဖြစ်စဉ်က ထိုင်း-မြန်မာနယ်စပ်ရှိ အခြေခံလူတန်းစားများအတွက် ပြင်းထန်သော သင်ခန်းစာတစ်ခုအဖြစ် သတိပေးနေပါသည်။

#REDNEWS #RNA #RedNewsAgency

By Editor