RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။
အာရှ-ပစိဖိတ်ဒေသဆိုင်ရာအလှည့်ကျဥက္ကဋ္ဌအဖြစ် မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းက ကုလသမဂ္ဂအထွေထွေညီလာခံ၌ မိန့်ခွန်းပြောကြားခဲ့ကြောင်း အမေရိကန်နိုင်ငံ နယူယောက်မြို့ရှိ ၎င်း၏ ရုံးအဖွဲ့မှ ယနေ့ (စက်တင်ဘာ ၁၅ ရက်) သတင်းထုတ်ပြန်ထားသည်။
နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် ကွယ်လွန်နတ်ရွာစံခြင်းအတွက် စက်တင်ဘာ (၁၄) ရက် နံနက်ပိုင်းတွင် ကုလသမဂ္ဂရုံး၌ အောက်မေ့ဖွယ်အခမ်းအနားကျင်းပရာ ဦးကျော်မိုးထွန်းက ယင်းအခမ်းအနား၌ အမှတ်တရ အောက်မေ့ဖွယ်မိန့်ခွန်း ပြောကြားခဲ့ခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဦးကျော်မိုးထွန်းက အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ဆက်လက်လက်တွဲလုပ်ဆောင်နေသူတစ်ဦးလည်းဖြစ်ပြီး ၂၀၂၁ ခုနှစ်နောက်ပိုင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးအဖြစ် ကုလသမဂ္ဂမှ အသိအမှတ်ပြု ခန့်အပ်ခံထားရသူတစ်ဦးလည်း ဖြစ်သည်။
ယင်းအခမ်းအနားကို (၈၁) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ သဘာပတိ H.E. Mr. Khalilur Rahman က ဖွင့်လှစ်ပေးခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၊ အမှုဆောင်ရုံးမှ Chef de Cabinet Mr. Courtney Rutrige က ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကိုယ်စား တက်ရောက်ကာ အောက်မေ့ဖွယ်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(၃၅) နှစ်တာ နန်းသက်စိုးစံခဲ့သည့် နော်ဝေဘုရင် ပဉ္စမမြောက် ဟာရဲလ်ဒ် ကွယ်လွန်နတ်ရွာစံခြင်းအတွက် နော်ဝေပြည်သူများနှင့်ထပ်တူ ဘုရင်ကြီးအား အောက်မေ့ရကြောင်း၊ ၎င်း၏ နန်းသက်စံကာလတစ်လျှောက် ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနှင့် စည်းလုံးညီညွတ်မှု၊ ကရုဏာတရား ထားရှိမှု စသည့် လုပ်ဆောင်ချက်များသည် ဥရောပနယ်နိမိတ်ကိုကျော်လွန်၍ အာရှ-ပစိဖိတ်ဒေသ ပြည်သူများ၏ နှလုံးသားအထိပင် လှုပ်ခတ်နိုင်စွမ်းရှိခဲ့ကြောင်း ဦးကျော်မိုးထွန်းက ပြောကြားသည်။
ဘုရင်ကြီး၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ တွေ့ဆုံဆွေးနွေးရေးနှင့် အပြန်အလှန်လေးစားရေးတို့အတွက် မမှိတ်မသုန်ကြိုးပမ်းခဲ့ခြင်းအပေါ် အာရှ-ပစိဖိတ်ဒေသအုပ်စု၏ နိုင်ငံများအနေဖြင့် အလေးအနက် ဂုဏ်ပြုအောက်မေ့ရပါကြောင်း၊ ထို့ပြင် နိုင်ငံပေါင်းစုံဝါဒနှင့် ကမ္ဘာလုံးဆိုင်ရာ စည်းလုံးညီညွတ်မှုတို့အတွက်လည်း ဘုရင်ကြီး၏ အသံသည် မောင်းနှင်အားတစ်ခု ဖြစ်ခဲ့ပါကြောင်း ဦးကျော်မိုးထွန်းက ပြောကြားထားသည်။
အာရှ-ပစိဖိတ်ဒေသအုပ်စုတွင် ကုလသမဂ္ဂအဖွဲ့ဝင် အာရှနှင့် ပစိဖိတ်ဒေသမှ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၅၅) နိုင်ငံ ပါဝင်ပြီး အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ဥက္ကဋ္ဌတာဝန်ကို အလှည့်ကျ တာဝန်ယူဆောင်ရွက်ရခြင်း ဖြစ်သည်။ ကုလသမဂ္ဂ၌ မြန်မာနိုင်ငံ ခေါင်းဆောင်များအဖြစ် သမ္မတ ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ကိုသာ အသိအမှတ်ပြုထားဆဲဖြစ်ပြီး မြန်မာနိုင်ငံ အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိဆဲဖြစ်သည်။
#REDNEWS #rna #RedNewsAgency #UN #ကျော်မိုးထွန်း #မြန်