KNPP နှင့် KSCC ထိပ်ပိုင်းရာထူး အပြောင်းအလဲပြုလုပ်

RNA_စက်တင်ဘာ(၁၅)၊၂၀၂၆ခုနှစ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ပါတီ၏ အထွေထွေအတွင်းရေးမှူးနှင့် အတွင်းရေးမှူး (၁) နှင့် (၂) နေရာတို့ကို တာဝန်ယူထားသူများအား အပြောင်းအလဲ ပြုလုပ်ခဲ့ပြီး ကရင်နီပြည်အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌနေရာအတွက် ပါတီထိပ်ပိုင်းမှ တာဝန်ရှိသူတစ်ဦးကို စေလွှတ်ခဲ့ကြောင်း ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက်ပိုင်းတွင် KNPP က သတင်းထုတ်ပြန်ထားသည်။

KNPP ၏ ပါတီဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးတစ်ရပ်ကို စက်တင်ဘာ (၁၀) ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး လစ်လပ်သွားသည့် ပါတီအထွေထွေအတွင်းရေးမှူးနေရာနှင့် KSCC ဥက္ကဋ္ဌနေရာတို့အတွက် ပြန်လည်ရွေးချယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပါတီအထွေထွေအတွင်းရေးမှူး၊ KSCC ဥက္ကဋ္ဌနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်စီ (SCEF) ၏ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်သူ ဦးအောင်ဆန်းမြင့် (အသက် ၆၃ နှစ်) သည် ပြီးခဲ့သည့် ဩဂုတ်လ (၃၀) ရက်နေ့က ကွယ်လွန်ခဲ့သည့်အတွက် ၎င်း၏လစ်လပ်နေရာအတွက် ပါတီဗဟိုကော်မတီမှ တာဝန်ရှိသူများက ပြန်လည်ရွေးချယ် တာဝန်ပေးအပ်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ပါတီအထွေထွေအတွင်းရေးမှူးနေရာအတွက် ပါတီအတွင်းရေးမှူး (၁) ဖြစ်သူ ဦးပလူးရယ်ကို ခန့်အပ်ခဲ့ပြီး ပါတီအတွင်းရေးမှူး (၁) နေရာအတွက် လက်ရှိ အတွင်းရေးမှူး (၂) အဖြစ် တာဝန်ယူထားသူ ရဲဘော် နဲနယ်ပလိုးတို့ကို ပြောင်းလဲခန့်အပ်ခဲ့သည်။ ထို့ပြင် လစ်လပ်သွားသည့် ပါတီအတွင်းရေးမှူး (၂) နေရာအတွက် ဗဟိုကော်မတီမှ လျှို့ဝှက်မဲပေးစနစ်ဖြင့် ရွေးချယ်တင်မြှောက်မှုတွင် မဲအရေအတွက်အများဆုံးရရှိခဲ့သည့် ရဲဘော် သဲမာကို ခန့်အပ်ခဲ့ကြောင်း သိရသည်။

လစ်လပ်နေသည့် KSCC ဥက္ကဋ္ဌနေရာအတွက် KNPP မှ ပါတီဒုတိယဥက္ကဋ္ဌဖြစ်သူ ရဲဘော် ခူးထဲဘူးကို ရွေးချယ်စေလွှတ်ခဲ့ကြောင်း သိရသည်။ KSCC ဥက္ကဋ္ဌရာထူး အပြောင်းအလဲအခြေအနေနှင့်ပတ်သက်၍ KSCC မှ တရားဝင်ထုတ်ပြန်ခြင်း မရှိသေးပေ။

ကရင်နီပြည်နယ် ရှားတောမြို့နယ် အခြေစိုက် KNPP အဖွဲ့သည် ၁၉၅၇ ခုနှစ်ကတည်း စတင်ဖွဲ့စည်းခဲ့သည့် သက်တမ်းရှည်အဖွဲ့တစ်ခုဖြစ်ပြီး ဦးသိန်းစိန်လက်ထက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာသဘောတူစာချုပ် (NCA) တွင် ဝင်ရာက်ဆွေးနွေးမှုများရှိခဲ့သော်လည်း KNPP လက်အောက်ခံ ကရင်နီတပ်မတော် (KA) နှင့် စစ်အုပ်စုကြား စစ်ရေးတင်းမာမှုများကြောင့် အပြီးသတ်ဆွေးနွေးနိုင်ခြင်းမရှိခဲ့ပေ။

ထို့ပြင် ၂၀၂၁ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း KNPP က ထုတ်ပြန်ခဲ့ပြီး ကရင်နီဒေသတွင်း တော်လှန်ရေးအဖွဲ့အစည်းများကို စစ်သင်တန်းပေးခြင်းနှင့် စစ်အုပ်စုအား တော်လှန်နေသည့် ကရင်နီဒေသ တော်လှန်ရေးအဖွဲ့အစည်းများနှင့်အတူ စစ်ဆင်ရေးများကိုလည်း ပူးတွဲလုပ်ဆောင်နေသည်။

Red News Agency, Red News, RNA

By Editor