ထိုင်းဝန်ကြီးချုပ် ဝတ်ဆင်ထားသည့် အဆောင်လက်ဖွဲ့သည် လိင်အရှုပ်တော်ပုံဖြစ်ခဲ့သည့် ကျောင်းထိုင်ဆရာတော်၏ ဘုန်းကြီးကျောင်းမှဖြစ်နေ
RNA_စက်တင်ဘာ(၁၁)၊၂၀၂၆ခုနှစ်။
ထိုင်းဝန်ကြီးချုပ် အနုထင်ချန်ဗီရာကူက ကံဇာတာမြင့်စေသည်ဟုဆိုကာ ဝတ်ဆင်ထားသည့် အဆောင်လက်ဖွဲ့သည် ယခုရက်ပိုင်းအတွင်း ငွေကြေးအလွဲသုံးစားမှု၊ လိင်အရှုပ်တော်ပုံတို့ဖြင့် နာမည်ဆိုးထွက်ခဲ့သည့် ကျောင်းထိုင်ဆရာတော်၏ အယုဒ္ဓယဘုန်းကြီးကျောင်းမှဖြစ်နေကြောင်း ထိုင်းသတင်းဌာနများ၌ ဖော်ပြထားသည်။
အယုဒ္ဓယရှိ Wat Phutthaisawan ရှေးဟောင်းကျောင်းတော်မှ ထုတ်လုပ်သော နူအာဒွန်း (Nuer Duang) အဆောင်လက်ဖွဲ့သည် ကံဇာတာမြင့်စေသော ဗုဒ္ဓရုပ်ပုံပါ လည်ဆွဲကို ထိုင်းဝန်ကြီးချုပ်က ဝတ်ဆင်ခဲ့ခြင်းကြောင့် ထိုင်းလူမှုကွန်ရက်၌ ဝေဖန်လှောင်ပြောင်မှုများလည်း ရှိနေသည်။
ယင်းအဆောင်လက်ဖွဲ့ ဝတ်ဆင်ထားမှုနှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုအပေါ် အနုထင်က စိတ်မသက်မသာဖြစ်ခဲ့ရပြီး သက်ပြင်းချကာ “အဆောင်လက်ဖွဲ့များသည် ယုံကြည်သူများနှင့် ကောင်းမွန်သည့်အရာများ လုပ်ဆောင်နေသူများအတွက် အလုပ်ဖြစ်ကြောင်း၊ ယင်းအဆောင်လက်ဖွဲ့များကို ဘုန်းကြီးတစ်ပါးထဲမှ စီရင်ထားခြင်းမဟုတ်ဘဲ ဆရာတော်ကြီးများမှ စုပေါင်းစီရင်ထားခြင်းဖြစ်ကြောင်း ပြန်လည်ဖြေကြားထားသည်။
ထို့ပြင် ဆရာတော်ကြီးများမှ စုပေါင်းကာ ပရိတ်ရွတ်ဖတ်စီရင်ထားသော အဆောင်လက်ဖွဲ့များ ဝတ်ဆင်ထားသူများသည်လည်း မိမိကိုယ်တိုင် ရိုးသားကောင်းမွန်သော စိတ်ထားရှိပါက မကောင်းသည့်အရာများကို ဖယ်ရှားနိုင်သည်ဟု ယုံကြည်ကြောင်း ၎င်းက ဆက်ပြောသည်။
ဘုန်းကြီးကျောင်းရန်ပုံငွေ ဘတ် (၉၂) သန်းကျော်ကို အလွဲသုံးစားပြုလုပ်မှု၊ အမျိုးသမီးတစ်ဦးနှင့် ကာမစပ်ယှက်မှု စွပ်စွဲချက်တို့ဖြင့် လူဝတ်လဲကာ ဖမ်းဆီးခံထားရသော ကျောင်းထိုင်ဆရာတော်၏ ဘုန်းကြီးကျောင်းမှ အဆောင်လက်ဖွဲ့များမှာ အစွမ်းထက်သည်ဟု ထိုင်းပြည်သူအချို့က ယုံကြည်မှုရှိကြသည်။
Red News Agency , Red News , RNA
