ဒိုင်း ..ဒိုင်း …
လမ်းမများပေါ်တွင် ကြွေးကြော်သံများ အစား သေနတ်သံများ ထွက်ပေါ်လာသည်။
အပြေးအလွှား အကာအကွယ် ရှာဖွေကြ၍ ရုတ်ရုတ်သဲသဲ။
ညို(မြန်မာ)
“အား … အမလေး … “
ဝမ်းဗိုက်တွင်းမှ ရုံးကန်မှုကြောင့် နာကျင်စွာ ခံစားနေရသည့် ကိုယ်ဝန်ဆောင် မိခင်တစ်ယောက် ညီးညူနေသည်။ ကလေး၏ တွန်းကန်အား မည်မျှရှိသည်ကို မိခင်၏ မျက်နှာက ညွန်ပြနေသည်။
ဖိနှိပ်မှုများကို တွန်းလှန်ဆန့်ကျင်ကြသူများ ရန်ကုန်မြို့ လမ်းမများပေါ်တွင် အုံခဲလျှက် …
လူလှိုင်းကြီးများ တလိမ့်လိမ့်နှင့် ဒီရေအလား ကြီးထွားလာသည်။”မီးဖွားမဲ့ လူနာရှင် ရှိလား”
တာဝန်ကျ သူနာပြုဆရာမ အော်၍ မေးလိုက်သည်။
“ရှိပါတယ် ရှင်” အမျိုးသမီးတဦးက ချက်ချင်းပြန်ဖြေလိုက်သည်။
“ရှင်က သူနဲ့ ဘာတော်လဲ” “သူအမျိုးသားကော”
“ကျမ က သူ့အမပါ” “သူ့အမျိုးသားက … ဟို အဲ ရောက်မလာသေးဘူး”
အမျိုးသမီး က ဆိုးရိမ် အားငယ်မှုများဖြင့် ပြန်ဖြေသည်။
“လိုအပ်ပါက ခွဲစိတ်ခွင့်ပြုကြောင်း လက်မှတ်ထိုးဖို့ လိုနေပါတယ်”
“ကျမ ထိုးပေးပါ့မယ်” ပြောပြောဆိုဆို သူနာပြုဆရာမ ယူလာသော စာရွက်ပေါ်တွင် လက်မှတ်ထိုးပေးလိုက်သည်။
ရုတ်တရက် ခလေး တွန်းကန်မှုကြောင့် ကိုယ်ဝန်ဆောင်မိခင်က သူ၏ နာကျင်မှုကို စကားတလုံးတည်းဖြင့် ဖေါ်ပြလိုက်သည်။
အား … ….
ဒိုင်း ..ဒိုင်း …
လမ်းမများပေါ်တွင် ကြွေးကြော်သံများ အစား သေနတ်သံများ ထွက်ပေါ်လာသည်။
အပြေးအလွှား အကာအကွယ် ရှာဖွေကြ၍ ရုတ်ရုတ်သဲသဲ။
အော်သူက အော်၊ ဆဲသူက ဆဲ၊ လဲသူက လဲ၊ စွဲသူက စွဲ၊ အန္တိာရုံ မြင်ကွင်းထဲမှာ
“ဟာ ဟိုမှာ တစ်ယောက် သေသွားပြီ”
“မိုက်ရိုင်းလိုက်ကြတာကွာ”
အူဝဲ … အူဝဲ …
“မွေးပြီရှင့် မွေးပြီ”
“ဘာလေးလဲ ဆရာမ”
“မိန်းကလေး ၀ဝကစ်ကစ် ချစ်စရာလေး”
“ဆရာမ မိခင်အခြေအနေလေး”
“ကျမ္မာပါတယ်၊ ဒါပေမယ့် စိတ်ကျနေပုံရတယ်”
စကားတပြောပြောနှင့် လူနာရှင် အမျိုးသမီးက သူနာပြုဆရာမ ခေါ်ဆောင်သွား လူနာခန်းရှိရာသို့ လိုက်ပါသွားသည်။
အခန်းဝသို့ ရောက်သည်နှင့်ပင် အခန်းတွင်း မြင်ကွင်းကြောင့် လူနာရှင် အမျိုးသမီး၏ မျက်ဝန်းမှ မျက်ရည်များ ပါးပြင်ပေါ်သို့ ဖြေးညင်းစွာ စီးဆင်းလာသည်။
သမီးလေးကို ထွေးပိုက်ထားသော သူမသည် ခံစား နာကျဉ်းမှုများကို တတ်နိုင်သမျှထိမ်းချုပ်ထား၏။ သူမ၏ မျက်နှာတွင် မျက်ရည် မရှိ၊ မျက်လုံးများကား မျက်နှာချက်ကို တည့်တည့်ကြည့်ရင်း မဲ့ပြုံးလေး ပြုံးလျှက် …။
၈.၈.၂၀၁၁
ဒီနေ့ ကျမ အသက် ၂၃ နှစ်ပြည့်ပြီ။
အမေလည်း တစ်စုံတရာကို မျက်တောင်မခတ် ကြည့်ရင်း မဲ့ပြုံးလေး ပြုံးနေဆဲပါ။
“အဖေရေ…”
Red News Agency