စစ်အာဏာသိမ်းအကြမ်းဖက်အုပ်စုကို လက်နက်ကိုင်တော်လှန်ရေးနဲ့ ဖြုတ်ချမယ်လို့ ကြွေးကြော်သံတင်ပြီးနောက် ရတဲ့နည်းနဲ့လက်နက်ရှာ၊စစ်သင်တန်းတက်၊ပျောက်ကြားအစုတွေဖွဲ့ပြီး တော်လှန်နေတဲ့အင်အားစုတွေ အများအပြားရှိနေကြပါပြီ။
အဆိုပါတော်လှန်ရေးအင်အားစုတွေမှာ ကိုယ်ပိုင်ရည်မှန်းချက်အသီးသီးရှိကြသလို အားလုံးလက်ခံထားတဲ့ ဘုံရည်မှန်းချက်လည်း ရှိပါတယ်။ကိုယ်ပိုင်ရည်မှန်းချက်တွေကတော့ တဖွဲ့နဲ့တဖွဲ့ ခံယူကျင့်သုံးဆောက်တည်ပုံကို လိုက်ပြီး အနိမ့်အမြင့် အနီးအဝေး အကွာအလှမ်းတွေ တူမယ်မဟုတ်ကြပါဘူး။အနိမ့်ဆုံးဘုံရည်မှန်းချက်ကတော့ “စစ်သုံးစစ်တိုက်ဖျက်ရေး” တနည်းပြောရရင် “စစ်အာဏာရှင်စနစ်ပြုတ်ကျရေး”ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။
စစ်အာဏာရှင်ကို တိုက်တဲ့နေရာမှာ ကမ္ဘာအရပ်ရပ်က နမူနာတွေကိုကြည့်ပြီး သင်ခန်းစာထုတ်ယူနိုင်ဖို့ အရေးကြီးပါတယ်။အောင်မြင်တဲ့နိုင်ငံတွေရော မအောင်မြင်တဲ့နိုင်ငံတွေကိုပါ လေ့လာဆန်းစစ်ပြီး ဘာကြောင့်အောင်မြင်ရတယ်၊ဘာကြောင့် မအောင်မြင်ခဲ့ရဘူးဆိုတာတွေ သင်ခန်းစာထုတ်နုတ်ဆင်ခြင်သင့်တယ်လို့ အကြံပြုလိုပါတယ်။
အခုဆောင်းပါးမှာ ထောက်ပြချင်တာက “စစ်ရေးလှုပ်ရှားမှုသက်သက်(ဝါ) စစ်ရေးသက်သက်အမြင်”နဲ့ စစ်အာဏာရှင်စနစ်ကို ဖြုတ်ချဖို့ မလွယ်ကူဖူးဆိုတာပါပဲ။ဒီလိုဆိုလိုတာဟာ “လက်နက်ကိုင်တော်လှန်ရေး”ကို အားမပေးတာမဟုတ်ဘူးလို့ ရှင်းရှင်းပဲ ပြောပါရစေ။လက်နက်ကိုင်တော်လှန်ရေးဟာ လူထုရဲ့တောင်းဆိုချက်ကြောင့် မဖြစ်မနေလိုအပ်ချက်တခုဖြစ်လာရသလို အခုတော်လှန်ရေးအဆင့်မှာလည်း သီအိုရီအရ လက်နက်ကိုင်တိုက်ဖို့လိုအပ်လာပါပြီ။သဘောတရားရော လက်တွေ့အရပါ “လက်နက်ကိုင်တော်လှန်ရေး”ကို လက်ခံရပါလိမ့်မယ်။ဒါပေမယ့် လက်နက်ကိုင်တိုက်ပွဲနဲ့ လူထုတိုက်ပွဲကို မပေါင်းစပ်ဘဲ သွားလို့မရဘူးဆိုတဲ့ ရှုထောင့်ကနေ ကျနော်ချဉ်းကပ်ဆွေးနွေးသွားမှာဖြစ်ပါတယ်။
အထက်မှာဆိုခဲ့သလို “နွေဦးတော်လှန်ရေး”မှာ လက်နက်ကိုင်တိုက်ပွဲကို လက်ခံထားပြီးရင် ဘယ်လိုအောင်ပွဲခံအောင်လုပ်ရမလဲဆိုတာ ဆက်စဉ်းစားကြည့်ကြပါစို့။ဒီလိုစဉ်းစားတဲ့အခါ တိုက်ပွဲနည်းနာတွေ၊နည်းပရိယာယ်တွေ အများကြီးစုံလင်ကြွယ်ဝဖို့ လိုပါလိမ့်မယ်။”လက်နက်ကိုင်တိုက်ရုံသက်သက်”ထက် ပိုတဲ့နည်းပရိယာယ်လမ်းစဉ်တွေမရှိခဲ့ရင် တော်လှန်ရေးက ကြန့်ကြာပြီး ရေရှည်မှာ ကျည်အား၊ငွေအားသာတဲ့ဘက်က အနိုင်ရသွားမှာ ဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်း စစ်အုပ်စုက ကျနော်တို့ထက် လက်နက်၊ငွေ၊အာဏာနဲ့လုပ်ပိုင်ခွင့်တွေ အသာစီးရထားတာမဟုတ်ပါလား။ကျနော်တို့ သူတို့ကို ဘယ်လိုအနိုင်တိုက်ကြမလဲ။
ပထမဆုံးလိုအပ်ချက်
စစ်အာဏာရှင်စနစ်ကိုတိုက်ဖို့ ပထမဆုံးလိုအပ်ချက်က “စစ်အာဏာရှင်စနစ်”ကို ဘက်ပေါင်းစုံက နားလည်သဘောပေါက်အောင် လုပ်ဖို့လိုပါတယ်။စစ်အာဏာရှင်စနစ်ဆိုတာ တကြောင်းတည်းခြုံပြောရရင် “လက်နက်နဲ့အာဏာသိမ်းပြီး တိုင်းပြည်ရဲ့ စီးပွားရေးအခြေခံကအစ နိုင်ငံရေး၊လူမှုရေး၊ယဉ်ကျေးမှုအဆုံး အရာရာကို ချုပ်ကိုင်စိုးမိုးထားတဲ့စနစ်”ဖြစ်ပါတယ်။ဒါကြောင့် ဒီစနစ်ဟာ စစ်တပ်မှာ အရင်းခံဖြစ်ပေမယ့် တိုင်းပြည်ရဲ့ကဏ္ဍအသီးသီးနဲ့ သက်ဆိုင်နေပါတယ်။အကျယ်အပြန့် လွှမ်းခြုံတည်ရှိနေတယ်လို့ မြင်ရမှာဖြစ်ပါတယ်။
ဥပမာ အုပ်ချုပ်ရေးကဏ္ဍကိုကြည့်ရင် စစ်ကောင်စီက ရပ်ကျေးကနေ နိုင်ငံတခုလုံးအဆင့် သူတို့အုပ်ချုပ်ရေးယန္တရားနဲ့လည်ပတ်ဖို့ ကြိုးစားနေတာကို တွေ့ရပါတယ်။ဒီလို ကြိုးစားရာမှာ သူတို့အတွေးအခေါ်ကို လက်ခံလာအောင် မှိုင်းတိုက်ထားပြီးဖြစ်တဲ့ ကြံ့ခိုင်ရေး၊မဘသ၊စွမ်းအားရှင်၊ပျူစောထီးစတဲ့ အချောင်သမားတွေနဲ့ အစကတည်းက စိတ်ဓာတ်ရေးရာ ချွတ်ခြုံကျနေတဲ့ ဒုစရိုက်သမား ကလေကချေတွေကို အသုံးချပြီး ရပ်ကျေးအုပ်ချုပ်ရေးကို တည်ဆောက်နေတာကို တွေ့ရပါတယ်။ဆိုလိုတာက စစ်ကောင်စီက လူထုကို တဖက်မှာ အကြောက်တရားနဲ့အုပ်ချုပ်ပြီး တဖက်မှာ လူတချို့ကို သူတို့ဖက်ပါအောင် မက်လုံးပေးသိမ်းသွင်းတာ၊အတွေးအခေါ်အရ ဦးနှောက်ဆေးတာတွေလုပ်နေတာကို တွေ့ရပါတယ်။
ဒါကြောင့် စစ်အာဏာရှင်ကို တိုက်တဲ့နေရာမှာ သူတို့အတွေးအခေါ်ကိုသာမက သူတို့ပိုင်စီးပွားရေးလုပ်ငန်းနဲ့ သူတို့ပေးလာမယ့် မက်လုံးတွေကိုပါ ဘယ်သူမှလက်မခံအောင် ဘက်ပေါင်းစုံကတိုက်ဖို့လိုပါလိမ့်မယ်။ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ဒလန်သတ်တာလောက်နဲ့ ကျနော်တို့ အောင်မြင်မှာ မဟုတ်သေးပါဘူး။သူတို့တပ်ဆင်ထားတဲ့ ယန္တရားမပြိုလဲမချင်းတိုက်ရမှာဖြစ်သလို သူတို့အုပ်ချုပ်ရေးယန္တရားပြိုလဲတာနဲ့ ဘယ်လိုအုပ်ချုပ်ရေးယန္တရားအသစ်ကို အစားထိုးမလဲဆိုတာကအစ ထဲထဲနက်နက် တွေးခေါ်တွက်ချက်ထားဖို့ လိုပါလိမ့်မယ်။
စစ်အာဏာရှင်စနစ်ကိုတိုက်ရင် “အတွေးအခေါ်စစ်ဆင်ရေး”၊ “စီးပွားရေးတိုက်ပွဲ”၊”နိုင်ငံရေးတိုက်ပွဲ”၊ “လူတန်းစားတိုက်ပွဲ”စတာတွေ မပါဝင်လို့ကို မရပါဘူး။လက်နက်ကိုင်တိုက်ပွဲ တခုတည်းနဲ့ သွားလို့မရဘူးဆိုတာ ဒီအချက်တွေကိုကြည့်ရင် သိနိုင်ပါတယ်။
ဒုတိယလိုအပ်ချက်
စစ်အာဏာရှင်စနစ်ကို တိုက်ဖို့ ဒုတိယလိုအပ်ချက်က ကျနော်တို့ဟာ စစ်ရေးသက်သက်ပဲစဉ်းစားပြီး နိုင်ငံရေးနဲ့ကင်းကွာလို့မဖြစ်ဘူးဆိုတဲ့ အတွေးအခေါ်ကို စိုက်ထူနားလည်ထားဖို့ လိုပါမယ်။ကျနော်တို့တွေ တပ်ဖွဲ့ရုံသက်သက်၊ပျောက်ကြားအစုတည်ဆောက်ရုံသက်သက်၊စစ်ရေးလှုပ်ရှားရုံသက်သက်နဲ့ မပြီးပါဘူး။ရန်သူ့စစ်တပ်လို အပေါ်က အမိန့်နာခံပြီး စစ်တိုက်ရုံသက်သက်ဆိုတာ ကျနော်တို့ရဲ့ အယူအဆမဟုတ်ပါဘူး။
ကျနော်တို့ဟာ တိုက်ပွဲကို အထောက်အကူပေးဖို့ ပြည်သူလူထုကိုလည်း စည်းရုံးလှုံ့ဆော်ရမှာဖြစ်သလို လူထုကို လက်နက်တပ်ဆင်ပေးပြီး လူထုအာဏာတည်ဆောက်နိုင်ဖို့အထိ အဆင့်ဆင့်လုပ်ဆောင်ရမယ့် နိုင်ငံရေးတပ်ဖြစ်ဖို့လိုပါတယ်။စစ်ရေးက ပထမ၊ နိုင်ငံရေးက ဒုတိယလို့ စဉ်းစားလို့မရပါဘူး။အဲဒီလိုစဉ်းစားလိုက်ရင် စစ်ရေးကောင်းမှ နိုင်ငံရေးကောင်းမယ်လို့ တွေးတဲ့ဘောင်ထဲကို ရောက်သွားပါလိမ့်မယ်။စစ်ရေးအဓိက အယူအဆဘောင်ဟာ နိုင်ငံရေးကို နောက်တန်းပို့ ဖျက်သိမ်းလိုက်တဲ့ အခြေအနေတရပ်ဆီတွန်းပို့မှာဖြစ်ပါတယ်။ဒါဟာ တဖက်မှာ စစ်ဘုရင်အယူအဆ ရှေ့တန်းရောက်လာတာဖြစ်သလို အမိန့်ပေးဝါဒနဲ့ ပြည်သူကို အုပ်ချုပ်တဲ့ပုံစံဖြစ်လာနိုင်ပြီး လူထုနဲ့တပ်ကို ကင်းကွာသွားစေနိုင်ပါတယ်။နောက်ဆုံး လူထုထောက်ခံမှုလျော့ကျပြီး တော်လှန်ရေးလည်း ရှုံးနိမ့်သွားစေနိုင်ပါတယ်။
ကျနော်တို့ရဲ့တပ်တွေဟာ အရွယ်အစားကြီးသည်ဖြစ်စေ ငယ်သည်ဖြစ်စေ နိုင်ငံရေးရှိဖို့လိုတယ်။တပ်တွေအားလုံး ဘုံရည်မှန်းချက်တူအောင်စုပြီး ညီညွတ်တဲ့မဟာမိတ်တွေဖွဲ့ဖို့လိုပါတယ်။တပ်တွေအားလုံး နောက်ဆုံးမှာ ဘုံလုပ်ငန်းစဉ်တူတဲ့အနေအထားကို ရောက်ဖို့ ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားတွေးခေါ်နိုင်တဲ့ နိုင်ငံရေးအင်အားစုတခုရဲ့ အလံတော်အောက်မှာ လက်တွဲတိုက်ပွဲဝင်ဖို့လိုပါတယ်။ဒါဟာ ကျနော်တို့ လျှောက်ရမယ့် တခုတည်းသောလမ်းပါ။ဒါဟာ ကျနော်တို့အနေနဲ့ နွေဦးတော်လှန်ရေးအောင်ပွဲခံဖို့ ပြည်သူလူထုကို တင်ပြတဲ့ အဆိုပြုချက်ပါ။ဒါဟာ ကျနော်တို့အနေနဲ့ တိုင်းပြည်ရဲ့အနာဂတ်ကို ပုံဖော်ဖို့အတွက် ပျောက်ကြားတပ်တွေနဲ့ အတူလက်တွဲထုဆစ်မယ့် စီမံကိန်းပါ။
“စစ်ရေးသက်သက်အမြင်”ကို မချဉ်းကပ်ဘဲ နိုင်ငံရေးပလက်ဖောင်းပေါ်မှာ ပြည်သူ့ညီညွတ်ရေးတပ်ပေါင်းစုအလံတော်ကို အမြင့်မားဆုံးလွှင့်ထူချီတက်ကြဖို့ အလေးအနက်အကြံပြုတိုက်တွန်းလိုပါတယ်။
တတိယလိုအပ်ချက်
စစ်အာဏာရှင်စနစ်ကို တိုက်ဖို့ တတိယလိုအပ်ချက်က ပြည်သူလူထုတရပ်လုံး ကျနော်တို့တော်လှန်ရေးမှာ စိတ်ရောကိုယ်ပါ ပါဝင်ပူးပေါင်းလာအောင် စည်းရုံးဖို့ပဲဖြစ်ပါတယ်။ဒီလိုလုပ်ဖို့ဆိုတာ နိုင်ငံရေးလုပ်ငန်းစဉ်တွေရှိဖို့ လိုပါတယ်။စစ်ရေးချည်းသက်သက် ဖိတိုက်ရုံနဲ့ မလုံလောက်ပါဘူး။ဘယ်ဒေသမှာ တိုက်ပွဲဘယ်လိုအောင်တယ်ဆိုတာလည်း အရေးကြီးပါတယ်။ဘယ်ဒေသမှာ ပြည်သူတွေက တည်တည်ငြိမ်ငြိမ်နဲ့ စစ်အာဏာရှင်ကို ခုခံဆန့်ကျင်နိုင်တယ်ဆိုတာ ပိုအရေးကြီးပါတယ်။
ပျောက်ကြားတပ်က တခြား၊ပြည်သူလူထုက တခြား ကွဲပြားမနေဖို့လိုတဲ့အတွက် ပြည်သူနဲ့ပျောက်ကြား တသားတည်းကျဖို့ အရေးကြီးပါတယ်။ဆိုလိုတာက လက်နက်ကိုင်ယူဂျီလုပ်ငန်းလိုမျိုး လုပ်ဆောင်ရမှာဖြစ်ပါတယ်။ကိုယ့်ပုံမှန်ဘဝမျက်နှာစာမှာ ပုံမှန်အနေအထားနဲ့ နေထိုင်နေပြီး တော်လှန်ရေးတာဝန်တွေထမ်းဆောင်တဲ့အချိန်မှာ ပျောက်ကြားတပ်သားအဖြစ် အသွင်ပြောင်းသွားတာမျိုးကို ရည်ရွယ်တာပါ။ဗီယက်ကောင်းပျောက်ကြားတွေလို ကျင့်သုံးရမှာပါ။လူထုကြီးတရပ်လုံးကို နိုင်ငံရေးအရ စည်းရုံးပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ကျရာအခန်းက ပါဝင်လာအောင် လှုံ့ဆော်ပေးဖို့ပါပဲ။
ပျောက်ကြားစစ်ကနေ ပြည်သူ့စစ်အဖြစ် ပြောင်းလဲနိုင်တဲ့အချိန်မှာ စစ်အုပ်စု အရေးနိမ့်ပြီး ကျနော်တို့တော်လှန်ရေး မုချအနိုင်ရစရာ အကြောင်းရှိပါတယ်။ပြည်သူတွေ စစ်ဘေးဒုက္ခသည်အဖြစ်နဲ့ နိုင်ငံပြင်ပကို ထွက်ပြေးရတာနဲ့ အေးအေးလူလူနေရဖို့ စစ်အုပ်စုကို အရှုံးပေးနာခံလိုက်ရတာမျိုးဆိုတဲ့ အစွန်းနှစ်ဖက်ုရောက်ရှိသွားဖို့ အလားအလာတွေရှိနေပါတယ်။
တော်လှန်ရေးသမားများဟာ ပြည်သူကိုမစုစည်းနိုင်ရင်၊ပြည်သူ့ထောက်ခံမှုကို ရေရှည်မရခဲ့ရင် တော်လှန်ရှုံးတတ်ပါတယ်။ပြည်သူကို စုစည်းဖို့ဆိုတာ လက်နက်နဲ့တင်မရဘူးဆိုတာ သတိချပ်ရပါမယ်။နိုင်ငံရေးနည်းလမ်းဆိုတာ စွန့်လွှတ်လို့မရတဲ့အရာပါ။ရန်သူကို လက်နက်နဲ့ဖြေရှင်းရမယ်ဆိုရင်တောင် ပြည်သူကို နှလုံးသားနဲ့ကာကွယ်နွေးထွေးပေးရပါလိမ့်မယ်။
အနှစ်ပြန်ချုပ်ရရင် စစ်ရေးသက်သက်နဲ့ ရန်သူ့နေရာကို အစားထိုးမသိမ်းပိုက်နိုင်ဘူး။ပြည်သူ့ထောက်ခံမှုနဲ့သာ စစ်အာဏာရှင်စနစ် ပြိုလဲနိုင်မယ်။ပြည်သူကို စုစည်းဖို့ မမေ့ပါနဲ့။နိုင်ငံရေးကိုလည်း မစွန့်လွှတ်ပါနဲ့။ပြည်သူ့ထောက်ခံမှုရအောင် ညီညွတ်ရေးတပ်ပေါင်းစု အမြန်ဆုံးတည်ဆောက်ကြပါစို့။ပြည်သူ့တော်လှန်ရေး
တပ်ပေါင်းစုအလံကို အမြင့်မားဆုံးလွှင့်ထူကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ် ခင်ဗျား။ ။
ကျော်ကိုကို (၂၆.၉.၂၀၂၁)
Red News Agency