ကျောက်စိမ်းတူးဖော်မှုနှင့် မြေပြိုမှုများကြားက ရုန်းမထွက်နိုင်သေးသော ဖားကန့်မြို့

လုပ်လုပ်ကိုင်သူ တစ်ဦး သေဆုံးခဲ့သည်။

ဖားကန့်မြို့သို့ ၂၀၀၀ ခုနှစ်နောက်ပိုင်း ကျောက် မျက်တူးဖော်ရေး ကုမ္ပဏီများ ဝင်ရောက် လာပြီး ယာဉ်စက် ယန္တရားကြီးများဖြင့် တောင်ကုန်းတောင် တန်းကြီးများတွင် အခိုင်အမာ နေရာယူလျက် စတင်ကျောက်မျက်တူးဖော်ရာမှ ဒေသခံများ မမြင်ဖူးသော တူးဖော်မှုနှင့်အတူ မကြားဖူးသော အစုအပြုံလိုက် လူသေဆုံးမှုများကို တစ်စထက်တစ်စရင်းနှီးလာသည်။

တစ်စထက်တစ်စ ဒေသ၏ ဂေဟစနစ် ချို့ယွင်းလာမှုဆိုးရွားလာခဲ့ပြီး လူတို့၏ လောဘက ဖားကန့်ကို ဝါးမြိုမှု အားကောင်းလာသည့်နောက် ရလဒ်ဆိုးတစ်ခုက ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ (၂၄)ရက် နံနက်(၄)နာရီခန့်တွင် ဆန်ခါ မြေစာပုံပြိုကျမှုဖြစ်ပြီး ရေမဆေးကျောက်ရှာဖွေသူ လူတစ်ရာနီးပါး အစုအပြုံလိုက် သေဆုံးခဲ့သည်။

ယင်းမတိုင်မီကလည်း ကျောက်မျက်ကုမ္ပဏီများမှ ယမ်းဖောက်ခွဲမှုကြောင့် လွင့်စင်လာသော ခဲမှန်သေဆုံးမှုများ၊ ရေဖြန်းထားသော မြေစာပစ်လမ်းများပေါ်တွင် မြေစာပစ်ကားကြိတ်သေဆုံးမှု များ၊ တူးဖော်ထွက်ရှိလာသည့်မြေစာများအား ဥရုချောင်းအတွင်း မျောစနစ်ပုံစံဖြင့် စွန့်ပစ်ရာမှ အိမ်ခြေပျက်စီးမှုနှင့် ချောင်းရေနောက်ကျိမှုများ၊ ချောင်းတိမ်ကောပြီး မိုးတွင်းကာလ ရေကြီး ရေလျှံမှုများကို ဖားကန့်ဒေသသို့အခြေချနေထိုင်သူများ ကြုံတွေ့ခံစားခဲ့ကြရသည်။

သို့သော် လူအများ သတိပြုမိလာစေသည့် ၂၀၁၅ မြေစာပုံပြိုကျမှု ဖြစ်ရပ်ဆိုးနောက်ပိုင်းတွင် တစ်ဦးစ နှစ်ဦးစ သေဆုံးထိခိုက်မှုများထက် အစုလိုက်အပြုံလိုက် သေဆုံးမှုများက ဖားကန့်ဒေသရှိလက်လုပ်လက်စား အခြေခံလူတန်းစားများနှင့်၎င်းတို့မိသား စုများအတွက် တုန်လှုပ် ဖွယ်ရာ အိမ်မက်ဆိုးတစ်ခု အသွင်ဆောင်လာခဲ့သည်။

၂၀၁၇ ခုနှစ် ဧပြီ(၁)ရက်နေ့မှ ၂၀၁၈ ခုနှစ် မတ်လ(၃၀)ရက်နေ့ထိ မြေပြိုမှုပေါင်း(၃၄)ကြိမ် တွင် (၆၈)ဦးသေဆုံးပြီး (၄)ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်ထားသော ဒေသဆိုင်ရာအချက်အလက်များမှ သိရသည်။

ကိန်းဂဏန်းအချက်အလက်များအရ သေဆုံးမှုနှင့် ဒဏ်ရာရရှိသည့် ရေမဆေးကျောက်ရှာသူ များနှင့် ကုမ္ပဏီဝန်ထမ်းများ တစ်နှစ်ထက်တစ်နှစ် အရေအတွက်ပိုတိုးလာဖွယ်ရာသာ ရှိသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ၂၀၁၈ ခုနှစ် ဇွန်လ ၂၂ ရက်နေ့က မြေပြိုရာမှ လူ(၆)ဦးထက် မနည်း သေဆုံးမှု၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၁၄ ရက်နေ့က အမြင့်ပေ(၃၀၀)ခန့်ရှိ ကမ်းပါးယံပြိုကျမှုကြောင့် တစ်ဖက်မျက်နှာချင်းဆိုင်ကမ်းပါယံတွင် ရေမဆေးကျောက်ရှာသူများအား ရေလိုင်းရိုက်မိ၍ နုန်းကန်အတွင်း(၁၀)ဦးထက်မနည်း ပြုတ်ကျသေဆုံးမှု၊ ၂၀၁၈ ခုနှစ် ဇူလိုင်လ ၂၄ ရင်နေ့က ကမ်းပါးယံပြိုကျမှု ဖြစ်စဉ်တွင် လူ(၂၇)ဦး သေဆုံးမှုတို့ကဲ့သို့ အစုအပြုံလိုက်သေဆုံးမှုများဖြင့် ၂၀၁၈ ခုနှစ်ကို အဆုံးသတ်ခဲ့သည်။

၂၀၁၉ ခုနှစ် ဧပြီလ ၂၂ ရက်နေ့ညပိုင်းက ဖြစ်ပွားခဲ့သော နွံကန်ကျိုးပေါက်မှုကြောင့် နွံကန်အောက် ဘက်တွင် ကျောက်မျက်တူးဖော်လျက်ရှိသည့် ကုမ္ပဏီနှစ်ခုမှ လူ(၅၄)ဦးနှင့် စက်ယန္တရားများ ရွံ့နွံများအတွင်း နစ်မြှုပ်ပျောက်ဆုံးခဲ့ရသည့် ဖြစ်စဉ်ကလည်း မြန်မာသာမက ကမ္ဘာကပါ ဖားကန့်၏ ကျောက်မျက်လောဘတက်မှုအပေါ် ဩချခဲ့ရသည်။

အဆိုပါ ၂၀၁၉ ခုနှစ်အတွင်း ဇူလိုင်လ ၂၈ ရက်ကဖြစ်ပွားသည့် ကျောက်ကြောကမ်းပါးယံပြို ကျမှုဖြစ်စဉ်ကလည်း ကုမ္ပဏီဝန်ထမ်း(၁၅)ဦးနှင့်အတူ လုံခြုံရေးဆောင်ရွက်နေသည့် ရဲဝန်ထမ်း (၃)ဦးပါ ရေကန်အောက် နစ်မြှုပ်သေဆုံးခဲ့ရရှာသည်။

ဖားကန့်တွင် အခြားဘေးအန္တရာယ်များထက် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ထားသည့် တောင်အကြွင်းအကျန်များ ချိုင့်များ ကန်များ ကမ်းပါးယံများက လူ့အသက်ကို ခြိမ်းခြောက် လျက်ရှိနေသည်မှာ အထင်အရှားဖြစ်သည်။

လက်ရှိကျောက်မျက်ဥပဒေအရ အကြီးစားလုပ်ကွက်များ ခွင့်ပြုချထားခြင်းများ မရှိတော့ပဲ အလတ် စားလုပ်ကွက်တစ်ခုလျှင် ငါးဧကသတ်မှတ်ပြီး လုပ်ငန်းလုပ်ကိုင်ခွင့် သုံးနှစ်၊ အသေးစားလုပ်ကွက်တစ်ခုလျှင် သုံးဧကနှင့် လုပ်ကိုင်ခွင့် နှစ်နှစ်၊ လက်လုပ်လက်စား တစ်ကွက်လျှင် တစ်ဧကနှင့် လုပ်ကိုင်ခွင့် တစ်နှစ်တို့ ချမှတ် အကောင်အထည်ဖော်လျက်ရှိသည်။

ဖားကန့်/လုံးခင်း ရတနာနယ်မြေတွင် အကြီးစားလုပ်ကွက်များအား ယာဉ်စက်ယန္တရားများ ဖြင့် အင်တိုက်အားတိုက် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ခဲ့ရာမှ ဉပဒေဖြင့်ထိန်းချုပ်အကောင် အထည်ဖော်မည့် လုပ်ငန်းများက ဒေသတွင်းရှိ ပြည်သူများအပေါ် မည်မျှအကျိုးသက်ရောက် စေမည်ကို အစုလိုက်အပြုံလိုက်သေဆုံးမှုမျိုး မည်မျှလျော့နည်းသွားမည်ကို အချိန်ကာလ တစ်ခုဖြင့်သာ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။


တာလင်းမောင်။ ဖားကန့် ၊ မတ် ၆ ရက်။

Red News Agency

By Admin

Leave a Reply

Your email address will not be published. Required fields are marked *