“KIA ဌာနချုပ် လိုင်ဇာမြို့အနီးရှိ အောင်ဂျာစခန်းသိမ်း တိုက်ပွဲတွင် PDF တပ်ဖွဲ့ဝင်များ ပါဝင်ပြီး KIA ဦးဆောင်သည့် မဟာမိတ်များနှင့် ရယူခဲ့သော အောင်ပွဲဖြစ်သည်။ ထိုစခန်းကို AA ၊ CNF ၊ ABSDF ၊ KNA-BURMA KPDF နှင့် PDF ရဲဘော်များ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်”
ငြိမ်းမောင်
စစ်အာဏာရှင်စနစ်အား အမြစ်အပြတ်ချေမှုန်းပြီး ပင်လုံကတိဝတ်ကို အခြေခံသည့် ဖက်ဒရယ်နိုင်ငံတော် တည်ဆောက်ယူရမည်ဟူ၍ စစ်ကောင်စီကို တော်လှန်နေသော အဖွဲ့အစည်းများ အားလုံးနှင့် ပူးပေါင်းကာ ကြိုးစားအားထုတ်နေကြောင်း ယနေ့ကျရောက်သည့် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လကအသိပေး ပြောကြားလိုက်သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ (၂၅)ရက်နေ့တွင် ကျရောက်သည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဖွဲ့စည်းတည်ထောင်ခြင်း (၆၃)နှစ်ပြည့် နှစ်ပတ်လည်နေ့ဖြစ်သည်။ ယင်းအခမ်းအနား မိန့်ခွန်းတွင် KIO ဥက္ကဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကြောင့် တစ်နိုင်ငံလုံး အထွေထွေအကြပ်အတည်းနှင့် ရင်ဆိုင်နေရပြီး ယခုကဲ့သို့ ဖြစ်ပေါ်လာမှုသည် နိုင်ငံပျက်စီးရာသို့ ဦးတည်လာနေသည်ကို တွေ့မြင်လာရကြောင်း၊ စစ်ကောင်စီသည် ပြည်သူကို ရန်သူလို ညှင်းပမ်းနှိပ်စက်သတ်ဖြတ်နေသည့်အတွက် ပြည်သူအမြောက်အများ စစ်ဘေးရှောင် ဆင်းရဲဒုက္ခရောက်နေရသည်ကို ကမ္ဘာသိအောင် ထင်ထင်ရှားရှား ဖြစ်ပေါ်နေပြီဟုလည်း ပြောကြားခဲ့သည်။
KIO ဖွဲ့စည်းတည်ထောင်ခြင်း (၆၃) နှစ်ပြည့် နှစ်ပတ်လည်နေ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကလည်း သဝဏ်လွှာပေးပို့ခဲ့သည်။ NUGက ပေးပို့သည့် သဝဏ်လွှာတွင် ပြည်သူ့နွေဦးတော်လှန်ရေးအတွင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ ကချင်အမျိုးသားခေါင်းဆောင်ကြီးများ ဦးဆောင်ပြီး အခြားတိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအင်အားစုများနှင့် လက်တွဲဆောင်ရွက်နေကြောင်း ဖော်ပြထားသည်။
